ကယားဒုက္ခသည်တွေ အန္တရာယ်ထပ်ကြုံနိုင်

ကယားပြည်နယ်အတွင်း တိုက်ပွဲတွေကြောင့် ဒေသခံတသိန်းလောက် ထွက်ပြေးတိမ်းရှောင်နေကြရပြီး အစာရေစာပြတ်လပ်မှုတွေ၊ ကူးစက်ရောဂါတွေနဲ့ ပြင်းထန်တဲ့ ရာသီဥတုဒဏ်တွေကြောင့် လူအများအပြား သေဆုံးရမယ့်အခြေအနေတွေရှိနေတယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူး ကိုယ်စားလှယ် Tom Andrews ကပြောလိုက်တဲ့အကြောင်း AP သတင်းမှာ မနေ့က ဖော်ပြထားပါတယ်။

ကယားပြည်နယ်မှာ လူဦးရေက ခန့်မှန်းခြေ လေးသိန်းလောက်ရှိနေပြီး အဲဒီအထဲက လေးပုံတပုံလောက်ဟာ စစ်ပြေးဒုက္ခသည်တွေအဖြစ် တောတွေတောင်တွေထဲကို ထွက်ပြေးပုန်းအောင်းနေရတာပါ။ စစ်ကောင်စီဘက်က ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် အဲဒီဒုက္ခသည်တွေဟာ အစားအစာ၊ ရေနဲ့ ဆေးဝါးပြတ်လပ်မှုတွေ ကြုံနေရတယ်လို့ ဆိုပါတယ်။

နိုင်ငံတကာအသိုင်းအဝိုင်းက စစ်ကောင်စီကို ဖိအားတွေ ပေးကြဖို့ကိုလည်း ကုလအထူးကိုယ်စားလှယ်က တိုက်တွန်းပါတယ်။ အရေးယူဆောင်ရွက်တာတွေ ချက်ချင်း မလုပ်နိုင်ရင် ထောင်နဲ့ ချီတဲ့ အရပ်သားတွေ သေဆုံးမယ့် လူသားချင်းစာနာမှုဆိုင်ရာ အဖြစ်ဆိုးနဲ့ ကြုံရမယ့်ကိန်း ဆိုက်နေလို့ စိုးရိမ်နေရတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးအထူးကိုယ်စားလှယ်က မနေ့က ပြောဆိုခဲ့ပါတယ်။