ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု နမ့်မှော်ရွာအနီးက နေလပွင့် ကျောက်မျက် တူးဖော်ရေး ကုမ္ပဏီ လုပ်ကွက်မှာ ဇွန်လ ၁၁ ရက်နေ့ည က ကျောက်ကမ်းပါးပြိုကျပြီး တစ်နိုင်တစ်ပိုင် ကျောက်တူးဖော်သူ ၃ ဦးသေဆုံးခဲ့ပါတယ်။
ကျောက်ကြောနံရံအတွင်းထဲအထိ လှိုက်စားတူးဖော်ရာကနေ ကမ်းပါးပြိုကျပြီး သေဆုံးတာဖြစ်တယ်လို့ ဆိပ်မူကျေး ရွာအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦး က ပြောပါတယ်။
"ကုမ္ပဏီလုပ်ကွက်အောက်ခြေထဲမှာ အိမ်အလယ်လောက်မှာ သူတို့တူးတာပေါ့၊ အပေါ်ကမြေတွေ ပြိုကျတာပေါ့၊ ၃ ယောက်က သေသွားတာပေါ့၊ သုံးလောင်းတွေ့တယ်၊ အလောင်းတွေကို ဆေးရုံးပို့လိုက်တယ်၊ အဲ့မှာအန္တရာယ်ဖြစ်တဲ့နေရာဆိုပြီး ဆိုင်းပုဒ်ထောင်ထားတယ်၊ နောက်အချိန်နဲ့ တပြေးညီ ဆောင်ရွက်နေတယ်၊ မိုးရွာတဲ့အချိန်မှာ မတူးဖို့တွေ ကျနော်တို့ကပြောထားပြီးပြီ"
သေဆုံးသူတွေဟာ အသက်နှစ်ဆယ်ကျော်အရွယ်တွေဖြစ်ပြီး ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်နဲ့ ကျောက်တော် မြို့နယ်တို့ကနေ ဖားကန့်ဒေသမှာ ရွှေ့ပြောင်း လုပ်ကိုင်နေသူတွေဖြစ်ပါတယ်။
ကျောက်ကမ်းပါးပြိုကျတဲ့ နေလပွင့် ကျောက်မျက်တူးဖော်ရေးကုမ္ပဏီ လုပ်ကွက်ဟာ ကျောက်တူးဖော်မှု ရပ်နားထား တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့မေလအတွင်း ဆိပ်မူကျေးရွာအုပ်စု ဘဇံချောက်မှော်ရွာအနီးမှာ ကျောက်ကမ်းပါးပြိုကျလို့ ကျောက် တူးဖော်သူ ၁၃ ယောက်သေဆုံးခဲ့သလို ဝှေခါ-မှော်သစ် ကုန်းရွာအနီးမှာလည်း လူ ၁၅ ယောက် သေဆုံးခဲ့ပါတယ်။