စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့နယ် မူလဲကျေးရွာအနီးက နန့်တဟောက်ချာင်းပေါ်မှာ ရွှေတူးဖော်နေတဲ့ လုပ်ကွက်တစ်ခုကို သြဂုတ်လ ၁၄ ရက်နေ့က စစ်ကောင်စီတပ် စစ်ကြောင်းတစ်ခု ဝင်ရောက်လာပြီးနောက် ကိုယ်ဝန်ဆောင် အမျိုးသမီး တစ်ဦးနဲ့ အမျိုးသား သုံးဦး သတ်ဖြတ်မီးရှို့ခံခဲ့ရတယ်လို့ ပင်လည်ဘူးမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့က RFA ကို ဒီနေ့ ပြောပါတယ်။
သတ်ဖြတ်ခံရသူတွေဟာ ပင်လည်ဘူးမြို့နယ် အောင်းပင်ရွာက အသက် ၂၁ နှစ်အရွယ် ကိုယ်ဝန် (၈) လ လွယ်ထားတဲ့ မဝိုင်းဝိုင်းနဲ့ သူ့ရဲ့ဖခင် ရွှေကျင်းပိုင်ရှင် ဦးစက်လှိုင်၊ မြေကော်စက်မောင်းတဲ့ ဗန်းမောက်မြို့နယ်က အသက် ၂၁ နှစ် ကိုရှမ်းလေးနဲ့ ပင်လည်ဘူးမြို့နယ် မူလဲကျေးရွာက ကိုညီညီတို့ဖြစ်တယ်လို့လည်း ပြောပါတယ်။
အရပ်သား လေးဦးဟာ ဩဂုတ်လ ၁၄ ရက်နေ့ မနက်ပိုင်း သတ်ဖြတ်ခံရတာဖြစ်ပြီး မီးရှို့ခံထားရတဲ့ ရုပ်အလောင်းတွေကိုတော့ အဲဒီနေ့ ညနေပိုင်းမှာ ဒေသခံတွေက တွေ့ရှိခဲ့ကြတာလို့လည်း ပင်လည်ဘူးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ အမည်မဖော်လိုတဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
“၁၄ ရက်နေ့ ၁၁ နာရီလောက်မှာ မူလဲရွာနံဘေးမှာရှိတဲ့ နန့်တဟောက်ချောင်းဘေးမှာ ဖြစ်သွားခဲ့တာ။ အသတ်ခံရတာက စက်ပိုင်ရှင်၊ စက်ပိုင်ရှင် သမီး၊ နောက်ပြီးတော့ ဘက်ဟိုးဆရာ နှစ်ယောက် အသတ်ရခံရတာပေါ့။ အသတ်ခံရတဲ့ထဲက မဝိုင်းဝိုင်းက ဗိုက်ကြီးသည်မပေါ့။ သူက ကိုယ်ဝန် ၈ လရှိပြီ။ သူတို့ကိုအဲမှာသတ်ပြီး အိမ်တစ်အိမ်ကို မီးရှို့ပြီးတော့ အဲအလောင်းတွေကို အကုန်လုံးကို အဲထဲမှာပစ်ထားတယ်”
ရုပ်အလောင်းတွေကို အဲဒီနေ့ညနေမှာပဲ သင်္ဂြိုဟ်လိုက်ကြတယ်လို့ သူက ပြောပါတယ်။
စစ်ကောင်စီတပ်က မူလဲကျေးရွာကို ဩဂုတ်လပထမပတ်က ပထမအကြိမ် ဝင်ရောက်ခဲ့ချိန်မှာ လူငယ်တွေနဲ့ သက်ကြီးရွာအိုအချို့ကို ဖမ်းဆီးစစ်ဆေးတာတွေရှိခဲ့သလို ကျွန်းပင်သာ၊ ကပ္ပန္ဘုတ်ကျေးရွာတွေဘက်ကို ဆက်လက်ဝင်ရောက်ချိန်မှာတော့ နေအိမ် ၃၀ ကျော် မီးရှို့ခံခဲ့ရတယ်လို့လည်း ဆိုပါတယ်။
အခု မူလဲကျေးရွာဘက်ကို စစ်ကြောင်း ဒုတိယအကြိမ် ဝင်ရောက်လာချိန်မှာ အရပ်သားတွေ သတ်ဖြတ်ခံခဲ့ရတာလို့လည်း ပင်လည်ဘူးမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ အသေးစိတ်ထပ်မံစုံစမ်းဖို့ RFA က ကြိုးစားခဲ့ပေမယ့် ပင်လည်ဘူးမြို့နယ်ကို စစ်ကောင်စီက တယ်လီဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတဲ့အတွက် ဆက်သွယ်လို့မရခဲ့ပါဘူး။
အခုလို အရပ်သားတွေ သတ်ဖြတ်မီးရှို့ခံရတဲ့ဖြစ်စဉ်နဲ့ ပတ်သက်လို့ စစ်ကောင်စီက ဒီနေ့အထိ တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မရှိသေးသလို စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောရေးဆိုခွင့်ရှိသူ သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်းကို RFA က ဆက်သွယ် မေးမြန်းခဲ့ရာမှာလည်း သူ့အနေနဲ့ ဒီကိစ္စကို မသိရှိသေးဘူးလို့ တုံ့ပြန်ပြောဆိုခဲ့ပါတယ်။
နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရှောက်ရေးအဖွဲ့ AAPP ရဲ့ ဩဂုတ်လ ၁၇ ရက် မနေ့က ထုတ်ပြန်ချက်အရ စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်းမှာ သေဆုံးရတဲ့ အရပ်သား ၃၉၄၉ ယောက်အထိ ရှိလာနေပါတယ်။