ပအိုဝ်းနဲ့ ရှမ်းလက်နက်ကိုင် တပ်တွေ တိုက်ပွဲဖြစ်ပွား

0:00 / 0:00

0:00 / 0:00

ပအိုဝ်းလွတ်မြောက်ရေး တပ်မတော် PNLA နဲ့ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS/SSA ရှမ်းပြည်တောင်ပိုင်း တပ်မတော်တို့ဟာ ထိန်းချူပ် နယ်မြေ သတ်မှတ်ရေးနဲ့ ပတ်သက်လို့ အငြင်းပွားနေ ရာက ဒီကနေ့ မနက်ပိုင်းမှာ နှစ်ဖက်တိုက်ပွဲတွေ စတင်ဖြစ် ပွားခဲ့ပါတယ်။

ရှမ်းပြည်တောင်ပိုင်း မောက်မော်မြို့နယ် ကဒူးကြီးဒေသ မှာ အစိုးရနဲ့ ငြိမ်းချမ်းရေး ရယူထားတဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချူပ် PNLO ရဲ့ တပ်ဖွဲ့တွေဟာ ဒေ သဖွံ့ဖြိုးရေးတွေ လုပ်ဆောင်နေချိန် RCSS အဖွဲ့က သြဂုတ်လ ၈ ရက်နေ့ နောက်ဆုံးထား ထွက်ခွာပေးဖို့ စာပေးပို့လာခဲ့ပြီးနောက် ဒီမနက် ၆ နာရီမှာ တိုက်ပွဲ စတင်ဖြစ်ပွားခဲ့တာလို့ PNLO ဥက္ကဌ ဦးခွန်မြင့်ထွန်း က ပြောပါတယ်။

"တိုက်ပွဲဖြစ်တာကတော့ ဒီမနက် ၆ နာရီမှာ ကျနော်တို့ တပ်ဖွဲ့တွေရှိတဲ့နေရာကို RCSS က လာတိုက်တာ၊ တိုက်ပွဲတွေက ဆက်ပြီးတော့ ဖြစ်နေဆဲပဲ၊ စဖြစ်တာကတော့ သြဂုတ်လ ၃ ရက်နေ့မှာ ကျနော်တို့ကို RCSS တပ်ရင်း ၃၆၁ က အတွင်းရေးမှူးကနေ စာပို့တယ်၊ ၈ ရက်နေ့ နောက်ဆုံးထား ပြီးတော့ ထွက်သွားဖို့ နောက်တခါ ၁၅ ရက်နေ့မှာ ကျနော်တို့ကို ထပ်ပြီးတော့ အကြောင်းကြားပါတယ်၊ ကျနော်တို့အနေနဲ့ကတော့ ပအိုဝ်းတော်လှန်ရေးအဆက်ဆက်က အခြေချခဲ့တဲ့နေရာဖြစ်တယ် ၊ နောက်ပြည်ထောင်စုအဆင့်ဆွေးနွေးပွဲ သဘောတူညီချက်အရ ဒါကျနော်တို့ဘက် သတ်မှတ် တဲ့မြေဖြစ်တယ်၊ နောက် RCSS ရဲ့ ထိန်းချုပ်နယ်မြေလို့လည်း ကျနော်တို့ သိထားခဲ့တာမဟုတ်ဘူး၊ ဒါကြောင့် ကျနော်တု့ိ အခြေချနယ်မြေကနေ ဆုတ်ခွာဖို့မရှိဘူး"

ပြီးခဲ့တဲ့ သြဂုတ်လ ၂၁ ရက်နေ့ကလည်း PNLA တပ်ဖွဲ့ဝင် ၃ ယောက်ကို RCSS က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး အခုထိ ပြန်မလွှတ်ပေးသေးဘူးလို့ ဦးခွန်မြင့်ထွန်းက ဆက်ပြောပါတယ်။

လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲကြောင့် ထိခိုက်ကျဆုံးမှုအခြေအနေ အသေးစိတ်ကို မသိရသေးပေမဲ့ PNLO အဖွဲ့အနေနဲ့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဆွေးနွေးညှိနှိုင်းဖြေရှင်းသွားလိုတယ်လို့ RFA ကို ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS က ပြောရေးဆိုခွင့်ရှိသူတွေကို မေးမြန်းဖို့ ကြိုးစားခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ဒုဥက္ကဌ ဦးနိုင်ဟံသာ ကတော့ အခုလို အငြင်းပွားပြီး ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်နေတာနဲ့ ပတ်သက်ပြီး PNLO အဖွဲ့က UNFC ညီလာခံမှာ တင်ပြလာတဲ့အတွက် ကော်မတီတစ်ရပ်ဖွဲ့ပြီး ကြားဝင်ဖြေရှင်းဆောင်ရွက်သွားဖို့ စီစဉ်ထားတယ်လို့ ပြောပါတယ်။

"အခု PNLO နဲ့ RCSS ကြားမှာ ပြဿနာတော့ အထိုက်အလျောက်ဖြစ်နေတယ်၊ ဖြစ်နေတဲ့အပေါ်မှာ PNLO ကလည်း UNFC အဖွဲ့ဝင်ဖြစ်တော့ သူတို့တင်ပြတယ်လေ၊ အဲဒီ့ကိစ္စကို အေးအေးချမ်းချမ်း နဲ့ ပြေလည်သွားအောင် ကျနော်တို့လည်း ဆုံးဖြတ်ချက်ချထားပါတယ်၊ ကျနော်တို့အဖွဲ့တစ်ဖွဲ့ ဖွဲ့ပြီးတော့မှ သွားဆွေးနွေးမယ်၊ အတတ်နိုင်ဆုံး ကျနော်တို့ တော်လှန်ရေးအင်အားစု အချင်းချင်း ကြားမှာ ပြဿနာဖြစ်လာရင် ပိုပြီးတော့ ကြီးကျယ်မသွားဖို့နဲ့ အားလုံးပြေလည်နိုင်ဖို့ကို ညှိနှိုင်းယူတဲ့ ပုံစံမျိုးကို ကျနော်တို့ကကျင့်သုံးဖို့ အဲ့လိုဆန္ဒရှိပါတယ်

ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS ဥက္ကဌ ဒုတိယ ဗိုလ်ချူပ်ကြီး ယွက်စစ်ရဲ့ သြဂုတ်လ ၂၃ ရက်နေ့ ရက်စွဲနဲ့ PNLO အဖွဲ့ကို ပေးပို့လာတဲ့ စာမှာတော့ PNLO အဖွဲ့ဟာ အစိုးရနဲ့ အပစ်အခတ်ရပ်စဲပြီးဖြစ်ပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချူပ်ခွင့်ရဒေသကို ပအိုဝ်းအမျိုးသားတွေအတွက် အစိုးရက သတ်မှတ်ပေးပြီးဖြစ်တာကြောင့် RCSS အုပ်ချုပ်ရေးနယ်မြေတွင်းက ထွက်ခွာပေးဖို့ ပြောဆိုထားပါတယ်။

ဒီအတောအတွင်း ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ပထမအကြိမ် ညီလာခံကနေ အချက် ၆ ချက်ပါ ဆုံးဖြတ်ချက်တွေ ချမှတ်ခဲ့ပြီး ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဒီကနေ့ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။ ဒီအကြောင်း RFA သတင်းထောက် ဦးအောင်မိုးမြင့် သတင်းပေးပို့ထားတာ နားဆင်နိုင်ပါတယ်။

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ပထမအကြိမ် ညီလာခံအပါအဝင် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ရှေ့အလားအလာတွေနဲ့ ပတ်သက်လို့ ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦးကို RFA အဖွဲ့သူ ဒေါ်ခင်ခင်အိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။