စစ်ဘေးဒုက္ခသည်တွေအတွက် အလှူခံသူတွေကို ရဲတပ်ဖွဲ့စစ်ဆေး

0:00 / 0:00

ရခိုင်ပြည်နယ်မှာရှိတဲ့ စစ်ဘေးဒုက္ခသည်စခန်းတွေက ဒုက္ခသည်တွေကို ကူညီဖို့ စစ်တွေမြို့မှာ အလှူခံခဲ့တဲ့ ရခိုင်အလင်းတံခါး ကူညီစောက်ရှောက်ရေးအဖွဲ့က ဒုဥက္ကဋ္ဌ အပါအဝင် ရှစ်ဦးကို ခွင့်ပြုချက်မရှိဘဲ အလှူခံလို့ဆိုပြီး ရဲတပ်ဖွဲ့က ဒီနေ့ ခေါ်ယူစစ်ဆေးခဲ့ပါတယ်။

စစ်တွေမြို့ အမှတ် (၁) ရဲစခန်းမှာ ရခိုင်အလင်းတံခါး ကူညီစောက်ရှောက်ရေးအဖွဲ့ တာဝန်ရှိသူတွေကို ခေါ်ယူစစ်ဆေးခဲ့တာဖြစ်ပြီး ဘယ်ပုဒ်မတွေနဲ့ အမှုဖွင့်မယ်ဆိုတာကို အတိအကျမသိရသေးဘူးလို့ ဒီနေ့ စစ်ဆေးတာကို လိုက်ပါသွားတဲ့ ရခိုင်အလင်းတံခါး ကူညီစောက်ရှောက်ရေးအဖွဲ့ အတွင်းရေးမှူး ဒေါ်ဖြူဖြူသန့်က RFA ကို ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ အလှူခံတာတွေပြုလုပ်မယ်ဆိုရင် မြို့နယ်အုပ်ချုပ်ရေးမှူးဆီမှာ ခွင့်ပြုမိန့်တောင်းခံရမယ်ဆိုပြီး ဒေသန္တရအမိန့် ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့ကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားခြင်း မရှိပါဘူး။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီး ဦးဝင်းမြင့် ဒီဖြစ်စဉ်ကို သူမသိသေးကြောင်းနဲ့ အလှူခံဖို့ တင်ပြတောင်းခံလာသူတွေကို အချက်အလက်ပြည့်စုံရင် ခွင့်ပြုချက်ချပေးနေကြောင်း ပြောပါတယ်။

ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများ အစည်းအရုံးက ကောက်ယူထားတဲ့ စာရင်းတွေအရ ရခိုင်ပြည်နယ်အတွင်းမှာ တပ်မတော်နဲ့ AA အဖွဲ့တို့ရဲ့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ ဒုက္ခသည် ငါးသောင်းကျော် အထိရှိနေပါတယ်။

(RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့သည်)