ရိုက်တာ သတင်းထောက် နှစ်ဦးကို ထောင်ချောက်ဆင် ဖမ်းဆီးခဲ့ခြင်းမရှိကြောင်းနဲ့ ရဲမှူးချုပ် တင်ကိုကို ကို ဖမ်းဆီးထားခြင်းမရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် အောင်ဝင်းဦးက ဒီနေ့ ပြောပါတယ်။
ပြည်ထဲရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာနနဲ့ စိုက်ပျိုးရေး မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနတို့က တာဝန်ရှိသူတွေဟာ အစိုးရရဲ့ ဒုတိယ တစ်နှစ်တာအတွင်း ဆောင်ရွက်ချက်တွေကို နေပြည်တော်က ပြန်ကြားရေး ဝန်ကြီးဌာနမှာ ဒီနေ့ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။ အဲဒီရှင်းလင်းပွဲမှာ ရိုက်တာ သတင်းထောက် နှစ်ဦး အမှုနဲ့ပတ်သက်ပြီး မေးမြန်းရာမှာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ် အောင်ဝင်းဦးက ဖြေကြားခဲ့တာဖြစ်ပါတယ်။
"ထောင်ချောက်ဆင်ဖမ်းဆီးတယ်လို့ ထွက်ဆိုထားတာရှိပါတယ်။ အဲတော့ ထောင်ချောက်ဆင်ဖမ်းဆီးမှု မဆောင်ရွက်ပါဘူး။ မလုပ်ပါဘူး။ လတ်တလော အခြေအနေမှာတော့ ရဲမှူးချုပ် တင်ကိုကို ကို အရေးယူမှု ဆောင်ရွက်ထားတာ မရှိပါဘူး။ သူကလည်း မိုးရန်နိုင် ပြောသလို ထောင်ချောက်ဆင်တဲ့ဇာတ်လမ်းကို အခြေအနေကို ဖန်တီးခဲ့တာ မဟုတ်ပါဘူး။ ပွင့်ပွင့်လင်းလင်းပြောရင်တော့ ဒီဘက်က သတင်းထောက် ပုဂ္ဂိုလ် နှစ်ဦးကို ရဲမှူးချုပ် တင်ကိုကို တွေ့ဖူးခြင်းလည်း မရှိပါဘူး။ သိထားခြင်းလည်း မရှိတဲ့ အခြေအနေဖြစ်ပါတယ်။ သူတို့ကို ဥပဒေနဲ့ အညီ အမှုရင်ဆိုင်တော့မှ သိတဲ့အခြေအနေဖြစ်ပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် မိုးရန်နိုင်ကို ရဲမှူးချုပ် တင်ကိုကို က ထောင်ချောက်ဆင်ဖမ်းဆီးဖို့အမိန့် တစ်စုံတရာ မပေးခဲ့ဘူးလို့ ကျနော့်အနေနဲ့ ရှင်းလင်းဖြေကြားလိုပါတယ်"
မောင်တောမြို့နယ် အင်းဒင်ကျေးရွာမှာ လူ ၁၀ ဦး သတ်ဖြတ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး သတင်းရယူခဲ့တဲ့ ရိုက်တာ သတင်းထောက် ကိုဝလုံး နဲ့ ကိုကျော်စိုးဦးတို့ဟာ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်အက်ဥပဒေနဲ့ အမှုဖွင့် ဖမ်းဆီးခံထားရတာဖြစ်ပါတယ်။
အဲဒီအမှုနဲ့ပတ်သက်ပြီး တရားလိုဘက်က တင်သွင်းထားတဲ့ သက်သေတွေထဲက အင်းဒင်ကျေးရွာမှာ တာဝန်ကျခဲ့တဲ့ ဒုရဲမှူး မိုးရန်နိုင်ဟာ ရိုက်တာသတင်းထောက် ကိုဝလုံး နဲ့ အင်တာဗျူးဖြေဆိုခဲ့သူဖြစ်ပါတယ်။ ဒုရဲမှူး မိုးရန်နိုင်ဟာ ရဲစည်းကမ်းဖောက်ဖျက်မှုနဲ့ လက်ရှိမှာ အင်းစိန်အကျဉ်းထောင်မှာ ထောင်ဒဏ်တစ်နှစ်ချမှတ် ခံထားရပါတယ်။
ဒုရဲမှူး မိုးရန်နိုင်က ပြီးခဲ့တဲ့ ဧပြီလ ၂၀ရက်နေ့က ရုံးချိန်းမှာ ရိုက်တာ သတင်းထောက် နှစ်ဦးကို ရဲမှူးချုပ် တင်ကိုကို က ထောင်ချောက်ဆင်ဖမ်းဆီးဖို့ ညွှန်ကြားခဲ့တယ်လို့ ထွက်ဆိုခဲ့တာဖြစ်ပါတယ်။
ရိုက်တာ သတင်းထောက် နှစ်ဦး ထောင်ချောက်ဆင် ဖမ်းဆီးခံရတယ်ဆိုတဲ့ ဒုရဲမှူး မိုးရန်နိုင်ရဲ့ သက်သေထွက်ဆို ချက်နဲ့ ပတ်သက်ပြီး ကျန်တဲ့ တရားလိုပြသက်သေတွေရဲ့ ထွက်ဆိုချက်တွေကို နားထောင်ကြည့်ဖို့ လိုအပ်ကြောင်း လည်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ် အောင်ဝင်းဦး က ပြောပါတယ်။
ပြီးခဲ့တဲ့ မေလ ၁၂ရက်နေ့က ရန်ကုန်မြို့ တာမွေဂုံးကျော် တံတားအနီးမှာ ငြိမ်းချမ်းရေးအတွက် စစ်ပွဲတွေရပ်တန့်ဖို့ ဆန္ဒပြတောင်းဆိုသူတွေကို ရဲတပ်ဖွဲ့က ဖြိုခွဲရာမှာ အရပ်ဝတ်တွေ ပါဝင်ခဲ့တဲ့အပေါ် ဥပဒေနဲ့အညီ စိစစ်ဆောင် ရွက်နေကြောင်း တန်ပြန်ဆန္ဒပြသူတွေကိုလည်း စိစစ်နေကြောင်းလည်း ရဲချုပ် အောင်ဝင်းဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ မေလ ၁၂ ရက်နေ့က တာမွေမြို့နယ်မှာ စစ်ပွဲတွေရပ်တန့်ဖို့ ဆန္ဒပြသူတွေကို အကြမ်းဖက်ဖြိုခွဲရာမှာ အရပ်ဝတ်တွေက ဝင်ရောက်ဖမ်းဆီးမှုတွေ ရှိခဲ့တဲ့အတွက် ဥပဒေနဲ့မညီဘူးဆိုပြီး ဝေဖန်မှုတွေ ရှိနေပါတယ်။
