ကျောင်းသားတွေကသာ စတင်အကြမ်းဖက်ခဲ့တာလို့ ရဲမှူးကြီးပြော

0:00 / 0:00

လက်ပံတန်းမှာ သပိတ်မှောက် ကျောင်းသား ကျောင်း သူတွေကို ဖမ်းဆီးရာမှာ အလွန်အကျွံအင်အား သုံး ဆောင်ရွက်ခဲ့ခြင်းမရှိကြောင်း၊ ဥရောပသမဂ္ဂ EU က သင်တန်းပို့ချတဲ့နည်းတွေကို အသုံးပြုခဲ့တာ သာဖြစ်ကြောင်း ပဲခူးတိုင်း ရဲတပ်ဖွဲ့ ဒုရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဝင်းစိန်က RFA ကိုပြောပါတယ်။

မတ်လ ၁ဝ ရက်နေ့က ကျောင်းသားများကို ဖမ်းဆီး ရာမှာ နံပါတ်တုတ်နဲ့ ရိုက်နှက်နေတဲ့ဓါတ်ပုံ၊ ဗီဒီယိုတွေဟာ အင်တာနက်လူမှုရေးစာမျက်နှာတွေ မှာ ပျံ့နှံ့ပြီး၊ ကမ္ဘာအရပ်ရပ်မှာရှိတဲ့ အဖွဲ့အစည်း အသီးသီးက ပြစ်တင်ရှုတ်ချနေတာလည်းဖြစ်ပါတယ်။ ဒီဖြစ်စဉ်မှာ ကျောင်းသားတွေကသာ အကြမ်းဖက် မှုတွေ စတင်လုပ်ဆောင်ခဲ့တာလို့ ရဲမှူးကြီး ဝင်းစိန် က ပြောပါတယ်။

"အကြောင်းမှန်ပြောရရင် အမှန်ကတော့ သူတို့ကစပြီးတော့ အကြမ်းဖက်တာ ဗွီဒီယိုမှတ်တမ်းတွေဘာတွေ ကျနော်တို့က အကုန်လုံးရှိပါတယ်၊ ကျနော်တို့ဟာ EU နည်းနဲ့ပဲ ကျနော်တို့ ညှိနှိုင်းဖြေရှင်းလာတာ ၃ ရက်နေ့ကနေပြီးတော့ ၁ဝ ရက်နေ့ အထိ ၈ ရက်တိတိပဲ၊ သူတို့က အင်အားသုံးတာ၊ နောက် အတားအဆီးတွေ ဆွဲဖြဲတယ်၊ အမိုးတွေကို လှမ်းဖြုတ်တယ်၊ တုတ်တွေနဲ့လှမ်းဖိတယ်၊ သူတို့အလံတွေနဲ့ ကျနော်တို့ ရဲတပ်ဖွဲ့တွေကို ဆောင့်ထိုးတယ်၊ သူတို့ကစပြီး အကြမ်းဖက်လာတဲ့အချိန်မှာ အဲ့အချိန်မှာ အတားအဆီးတွေပွင့်ကုန်တယ်၊ ပွင့်ကုန်တဲ့အခါ ကျတော့ သူတို့ပြန်ကြားရေးကားကနေ တွီတွီတွီနဲ့အဲ့လို ကားကနေ ကျနော်တို့လူတွေကို တိုက်ပြီးထွက်မယ်ဆိုတဲ့ သဘောမျိုးနဲ့လုပ်တော့ ရဲတပ်ဖွဲ့ဝင်တွေက တောင့်ခံထားတယ်၊ လုပ်တယ် အဲ့အချိန်မှာပဲ တပြိုင်တည်း တုတ်တွေ၊ ခဲတွေ၊ ပုလင်းတွေကလည်း တပြိုင်တည်းပစ်လာကြတော့ စအကြမ်းဖက်တာမှာ အဲ့လိုဖြစ်သွားပြီးနောက်ပိုင်းမှာ ရုန်းရင်းဆန်ခတ်ဖြစ်သွားတာဗျ၊ နောက်ထပ် EU နည်း အဆင့်ဆင့်တွေကို မသုံးလိုက်ရတော့ဘူး"

ရုန်းရင်းဆန်ခတ်မှု နောက်ပိုင်းမှာတော့ သင်တန်းက ပို့ချပေးထား တဲ့ ဆောင်ရွက်ပုံအဆင့်တွေအတိုင်း ဆောင်ရွက်နိုင်မှု မရှိခဲ့ဘူးလို့ပြောပါတယ်။ တဆက်တည်း သပိတ်မှောက် ကျောင်းသားတွေရဲ့ ပြန်ကြားရေးမော်တော်ယာဉ်ကို ရဲတပ်ဖွဲ့ဝင်တွေက ဖျက်စီးခဲ့တာဟာ ဖိစီးမှုကြောင့် စိတ်မထိန်းနိုင် ဖြစ်သွားခဲ့ရတာလို့ ထင်မြင်ကြောင်းလည်း သူကပြောပါတယ်။

ဖမ်းဆီးထားသူတွေထဲက ကျောင်းသား ၂၇ ဦးကိုပြန်လွှတ်ခဲ့ပြီး၊ ကျန် ၉၉ ဦးကတော့ ကျောင်းသားတွေ မဟုတ်ကြောင်း၊ ၂ ဦးကသာ ဘ့ွဲလွန်ကျောင်းသားတွေလို့ ပြောဆိုထားတဲ့အတွက် စိစစ်နေကြောင်း၊ ကျန်တဲ့သူတွေထဲက အပြစ်မရှိပါက ပြန်လွတ်ပေးမှာဖြစ်တယ်လို့လည်း ပြောပါတယ်။

ရဲမှူးကြီး ဝင်းစိန်ကို ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။