ရသေ့တောင် အဓမ္မပြုကျင့်မှုစွပ်စွဲချက် ပြည်နယ်ရဲတပ်ဖွဲ့စစ်ဆေး


2020.07.07

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ဦးဂါကျေးရွာမှာ ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်နေ့ညက အသက် ၃၆ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို တပ်မတော်သား သုံးဦးက အဓမ္မပြုကျင့်ခဲ့တယ်လို့ ကာယကံရှင်အမျိုးသမီး RFA ကို ဇူလိုင်လ ၂ ရက်နေ့က ထုတ်ဖော်ပြောဆိုလိုက်တဲ့နောက် မနေ့က ဇူလိုင်လ ၆ ရက်နေ့မှာတော့ ကာယကံရှင် အမျိုးသမီးနဲ့အတူရှိနေခဲ့တဲ့ အမျိုးသမီး သုံးဦးကို ရဲတပ်ဖွဲ့က စစ်တွေမြို့ အရန်ရဲတပ်ဖွဲ့မှူးရုံးမှာ ခေါ်ယူစစ်ဆေး ခဲ့ပါတယ်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီးရဲ့ အစီအစဉ်အရ ပြည်နယ်ရဲတပ်ဖွဲ့နဲ့အတူ မနက် ၈ နာရီခန့်ကနေ ည ၈ နာရီအထိ ရုံးကို ခေါ်ယူ စစ်ဆေးခဲ့တာလို့ စစ်ဆေးခံရသူ ၃ ဦးကို စစ်တွေမြို့ကို ကိုယ်တိုင်လာရောက်ပို့ဆောင်ခဲ့သူ ရသေ့တောင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်သိန်းက RFA ကို အတည်ပြုပြောပါတယ်။

“မနေ့က သူတို့ခေါ်ခိုင်းတာက လုံနယ်ဝန်ကြီးခေါ်ခိုင်းတာ။ ဒီကိစ္စက မှန်လားဘာလားမသိဘူး။ ဒီမှာအုပ်ချုပ်ရေးမှူးရော စာရေးရော အဲဒီဗုံးခိုကျင်းထဲမှာ အတူတူရှိတယ်ဆိုတဲ့ အမျိုးသမီးသုံးယောက်ကို ပြည်နယ်ရဲတပ်ဖွဲ့ ကိုပါ ခေါ်သွားတယ်။ ကျွန်တော်လည်းပါသွားတယ်။ ဒီနေ့အဲဒီကနေပြန်လာတာ။ သူတို့ သုံးယောက်တော့  အဲဒီစစ်ဆေးတဲ့အဖွဲ့တွေကတော့ မေးမြန်းနေကြတယ်။ ကျနော်က စစ်တဲ့အထဲမှာ မပါတော့လေ သူတို့ကို မေးမှ ဘယ်လိုစစ်ဆေးတယ်ဆိုတာ သိမယ်”

ရုံးထဲမှာ သီးသန့်စစ်ဆေးတာဖြစ်လို့ ဘာတွေကို စစ်ဆေးတယ်ဆိုတာကို သူ့အနေနဲ့ အသေးစိတ်မသိရကြောင်းနဲ့ ကာယကံရှင်တွေကသာ သိနိုင်မှာဖြစ်ကြောင်း ရသေ့တောင်မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

မနေ့က စစ်ဆေးမှုကို ခံခဲ့ရတဲ့ အမျိုးသမီးသုံးဦးဟာ အဓမ္မပြုကျင့်ခံရတယ်လို့ ထွက်ဆိုထားတဲ့ ကာယကံရှင်အမျိုးသမီးရဲ့ အဒေါ်ဖြစ်သူ ဒေါ်ခင်စိုးဖြူ၊ ယောက္ခမဝမ်းကွဲတော်စပ်သူ ဒေါ်ဦးခိုင်နဲ့ ယောက်မဖြစ်သူ ဒေါ်ဦးညွန့်နု တို့ဖြစ်ပြီး သူတို့ သုံးဦးစလုံးကို RFA က ဆက်သွယ်မေးမြန်းခွင့်ရခဲ့ပါတယ်။

ဒေါ်ဦးညွန့်နုက အဓမ္မပြုကျင့်ခံရတာ မှန်ကန်တဲ့အကြောင်း ဖြစ်စဉ်အသေးစိတ်ကို မနေ့ကထွက်ဆိုခဲ့တယ်လို့ RFA ကိုပြောပါတယ်။

“အဲဒီမှာဖြစ်ခဲ့တဲ့ဖြစ်စဉ်တွေကို စစ်ဆေးတာပါ။ သူ့ကိုအဓမ္မပြုကျင့်တဲ့ကိစ္စတွေကိုမေးပါတယ်။ သမီးဖြစ်သူကို ခေါ်ထုတ်သွားတဲ့အကြောင်းကိုလည်း မေးပါတယ်။ သူတို့က အဲဒါတွေကိုမေးတော့ ကျွန်မကလည်း ဖြစ်စဉ် တွေကို အားလုံးပြောပြလိုက်ပါတယ်။ ဗုံးတွင်းထဲပုန်းနေစဉ် စစ်သားတွေက ကျွန်မတို့ကို ကလေးငိုသံကြားလို့ စစ်ဆေးဖို့လို့ခေါ်ထုတ်တာ၊ ကာယကံရှင်အမျိုးသမီးကို မုဒိမ်းကျင့်ဖို့ခေါ်ထုတ်သွားတာ၊ ကာယကံရှင်ရဲ့ သမီးဖြစ်သူကိုပါ ခေါ်ထုတ်သွားတာတွေကို သူတို့တွေ အိမ်ထဲကို စပြီးဝင်လာချိန်ကစပြီး အားလုံးစစ်ဆေး တာပါ”

မနေ့ကစစ်ဆေးခံရတဲ့အထဲမှာပါဝင်တဲ့ ကာယကံရှင်အမျိုးသမီးရဲ့ အဒေါ်ဖြစ်သူ ဒေါ်ခင်စိုးဖြူကလည်း ရဲတပ်ဖွဲ့ထံမှာ အမှန်ကိုထွက်ဆိုခဲ့တဲ့အတိုင်း အမှုမှန်ပေါ်ပေါက်လာစေချင်တယ်လို့ပြောပါတယ်။

“ကျွန်မတို့က မြင်ခဲ့တဲ့အတိုင်းပြောပြလိုက်ပါတယ်။ အမှန်တရားအတိုင်းဖြစ်လာစေချင်လို့ အဲဒီလိုပြောခဲ့ တာပါ။ အကူအညီတစ်ခုတောင်းဆိုချင်တာက ကိုယ့်အသရေကို အပျက်ခံပြီးတော့ ဘယ်မိန်းမကမှ ပြောဆိုမှာမဟုတ်ပါဘူး။ အမှန်တရားအတိုင်းမဖြစ်လာမှာကိုပဲ ကျွန်မတို့စိုးရိမ်ပါတယ်။ ကျွန်မတို့က အမှန်တရားကိုပဲ လိုချင်ပါတယ်”

မနေ့က ကာယကံရှင်နဲ့အတူရှိနေခဲ့တဲ့ မိသားစုဝင် သုံးဦးကို စစ်ဆေးခဲ့တာနဲ့ပတ်သက်လို့ ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့  ဒုတိယရဲမှူးကြီးမောင်မောင်စိုးကို RFA က ဆက်သွယ်မေးမြန်းခဲ့ရာမှာ သူ့အနေနဲ့ အခုလိုစစ်ဆေးတဲ့ကိစ္စကို မသိရှိရသေးကြောင်း ပြောဆိုခဲ့ပါတယ်။

“ရဲကစစ်တာမတွေ့ဘူးနော်။ စုံစမ်းစစ်ဆေးတယ်ဆိုရင်လည်း အမှုဖွင့်မှ စုံစမ်းစစ်ဆေးမှာပေါ့နော်။ အမှုဖွင့် တာလည်း မရှိဘူးဗျာနော်။ အဲဒါကိုကျွန်တော်တို့မသိဘူး။ ပထမသတင်းပေးတိုင်ချက်ဖွင့်တာကိုလည်း ကျွန်တော်တို့မတွေ့ဘူး။ တရားလိုက တိုင်တာကိုလည်း ကျွန်တော်တို့မကြားမိဘူး။ အဲဒါကတော့ မဖြစ်နိုင်ဘူးထင်တယ်။ အမှုဖွင့်တယ်ဆိုရင်တောင်မှ တရားလိုနစ်နာသူက ဖွင့်တော့မှ သက်သေအထောက်အထားတွေ သက်သေတွေ စစ်ရမှာပေါ့နော်”


မနေ့က စစ်ဆေးမှုနဲ့ပတ်သက်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသန်းကတော့ စစ်ဆေးတာမဟုတ်ဘဲ သဘောထားတွေကို ခေါ်ယူမေးမြန်းတာသာဖြစ်တယ်လို့ ပြောပါတယ်။

“ဘယ်လိုဆောင်ရွက်ရမလဲဆိုတာတို့ကတော့ စိစစ်တာပေါ့။ စိစစ်တဲ့ဥစ္စာမှာ တို့ကတော့သက်သေခံရယ် နောက်ပြီးတော့ တိုင်ကြားတဲ့လူရယ် ဥပဒေလုပ်ထုံးလုပ်နည်းအရတော့ ဒီအတိုင်းလိုတာပေါ့။ အဲဒီလို လုပ်ထုံး လုပ်နည်းအရမဟုတ်ရင် ဒါကတရားမဝင်ဖြစ်သွားတာပေါ့။ ငါတို့ကတော့ ခေါ်ယူစစ်ဆေးတယ်လို့ မဟုတ်ဘူး။ သူတို့နဲ့ပတ်သက်ပြီးတော့မှ သူတို့ဘယ်လိုအခြေအနေရှိလဲ။ ဘာတွေပြောစရာရှိလဲ ဒါမျိုးပြောတာ။ ငါတို့က စစ်ဆေးတဲ့ဟာမျိုးမဟုတ်ဘူး။ သူတို့ဘာတွေပြောစရာရှိလဲ၊ ဘာတွေသတင်းပို့စရာရှိလဲ။ ဘာတွေ လုပ်ပေးရမလဲပေါ့။ သူတို့တစ်ယောက်က တစ်မျိုး တစ်ယောက်တစ်မျိုး ပြောကြတယ်”


ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်နေ့က တပ်မတော်စစ်ကြောင်းက ဦးဂါရွာထဲကို ရောက်ရှိလာပြီးနောက် ကျေးရွာသားတွေက အခြားနီးစပ်ရာကို ကြောက်လန့်ထွက်ပြေးချိန် မိသားစုဝင်တွေဖြစ်ကြတဲ့ အမျိုးသမီး ခြောက်ဦးဟာ ရက်သားအရွယ် မွေးကင်းစကလေးငယ်တစ်ဦးနဲ့အတူ ဗုံးခိုကျင်းထဲမှာ ပုန်းအောင်းနေခဲ့ကြတာပါ။

အဲဒီနေ့ည ၁၁ နာရီလောက်အချိန်မှာ တပ်မတော်သား လေးဦးထဲက သုံးဦးဟာ ဗုံးခိုကျင်းထဲမှာရှိနေတဲ့ အသက် ၃၆ နှစ်အရွယ် အမျိုးသမီးကို အသီးသီးအဓမ္မပြုကျင့်ခဲ့ကြသလို အဲဒီအမျိုးသမီးရဲ့ သမီးဖြစ်သူ မွေးကင်းစကလေးရဲ့ မိခင်ကိုပါ အဓမ္မပြုကျင့်ဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ကြတယ်လို့ ကာယကံရှင်တွေက ပြောဆိုထားကြပါတယ်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကတော့ ဒီပြောဆိုမှုတွေနဲ့ပတ်သက်လို့ အသေးစိတ်စုံစမ်းစစ်ဆေးကြည့် တဲ့အခါမှာ ဒီဖြစ်စဉ်မျိုးဖြစ်ပွားတာမရှိကြောင်း၊ အဲဒီနေ့ညက တပ်မတော်စစ်ကြောင်းတွေ ဦးဂါရွာမှာ ရှိမနေကြောင်း၊ ဒါဟာ ပြည်သူလူထု အထင်အမြင်လွဲမှားစေဖို့ လုပ်ကြံဖန်တီးမှုသာဖြစ်ကြောင်း ဇူလိုင်လ ၂ ရက်နေ့ ညနေပိုင်းက ထုတ်ပြန်ခဲ့ပါတယ်။

အဓမ္မပြုကျင့်ခံရတယ်လို့ ထုတ်ဖော်ပြောဆိုခဲ့တဲ့ ကာယကံရှင်အမျိုးသမီးကို ဇူလိုင်လ ၂ ရက်နေ့က လုံခြုံတဲ့နေရာ တစ်ခုမှာ ခေါ်ယူစောင့်ရှောက်ထားပြီး ဒီဖြစ်စဉ်ကို ကုလသမဂ္ဂနဲ့ နိုင်ငံတကာသံရုံးအချို့ကို ဆက်သွယ်တိုင်တန်း ထားကြောင်း၊ ဥပဒေကြောင်းအရ အဖြစ်မှန်ပေါ်ပေါက်လာအောင် ကြိုးပမ်းဖို့ဆောင်ရွက်နေကြောင်း လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အကူအညီပေးသူအချို့က RFA ကိုပြောပါတယ်။

ဘယ်သံရုံးတွေကို ဆက်သွယ်တိုင်တန်းထားတယ်ဆိုတာနဲ့ ကာယကံရှင်အမျိုးသမီးနဲ့ ပတ်သက်လို့ ရှေ့ဆက် ဘယ်လိုဆောင်ရွက်မလဲဆိုတာကိုတော့ လတ်တလောမှာ ထုတ်ဖော်မပြောလိုသေးဘူးလို့လည်း ဆိုပါတယ်။

အဓမ္မပြုကျင့်ခံရတဲ့ကိစ္စကို ကုလသမဂ္ဂရုံးကို ဆက်သွယ်တိုင်ကြားထားတယ်ဆိုတဲ့ ပြောဆိုချက်နဲ့ပတ်သက်လို့ ရန်ကုန်မြို့ ကုလသမဂ္ဂရုံးကို RFA က ဒီနေ့ ဆက်သွယ်မေးမြန်းခဲ့ရာမှာ  “စစ်ယူနီဖောင်း ဝတ်ဆင်ထားတဲ့ တပ်မတော်သားတွေဟာ ရခိုင်ပြည်နယ်က အမျိုးသမီးတစ်ယောက်ကို မုဒိမ်းကျင့်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကို ကုလသမဂ္ဂအနေနဲ့ သတိပြုမိကြောင်း၊ ဒီလိုစွပ်စွဲချက်တွေကို သက်ဆိုင်ရာတာဝန်ရှိ အာဏာပိုင်တွေက အမြန်ဆုံးအပြည့်အ၀ စစ်ဆေးသင့်ကြောင်း၊ တကယ်လို့ စွပ်စွဲချက်က မှန်ကန်နေတယ်ဆိုရင် ကျူးလွန်သူ၊ ကျူးလွန်ခဲ့သူတွေကို တရားရုံးတင်စစ်ဆေးအရေးယူသင့်ကြောင်း၊  ဒီလိုမျိုးပြစ်မှုတွေဖြစ်ပွားခဲ့တယ်ဆိုရင် နောက်နောင်မှာ ထပ်မံမဖြစ်ပွားစေဖို့ တပ်မတော်အနေနဲ့ ဆောင်ရွက်သင့်ကြောင်းနဲ့ အရေးကြီးတဲ့အချက် တစ်ခုက ကျူးလွန်ခံရသူ ဒါမှမဟုတ် ကျူးလွန်ခံရသူတွေကို အကာအကွယ်ပေးဖို့အတွက်လည်း ကုလသမဂ္ဂနဲ့ အတူ ဒေသတွင်းမှာ လက်တွဲလုပ်ကိုင်နေတဲ့ အဖွဲ့အစည်းတွေကလည်း ကူညီပေးနေတာတွေရှိကြောင်း” RFA ရဲ့ မေးမြန်းချက်ကို အမည်မဖော်လိုတဲ့ ရန်ကုန်ကုလသမဂ္ဂရုံး တာဝန်ရှိသူတစ်ဦးက  email နဲ့  တုံ့ပြန်ဖြေကြားခဲ့ပါတယ်။

လူ့အခွင့်အရေးလှုပ်ရှားသူ Equality Myanmar အဖွဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်းကလည်း ဦးဂါရွာသူ အမျိုးသမီး အဓမ္မပြုကျင့်ခံရတဲ့သတင်းနဲ့ ပတ်သက်လို့ ခိုင်လုံတဲ့ စုံစမ်းစစ်ဆေးမှုတွေလုပ်ဖို့ လိုအပ်တယ်လို့ ထောက်ပြပါတယ်။

“ဒီအဓမ္မပြုကျင့်မှုက မှန်လား၊ မှားလားဆိုတဲ့ဟာကတော့ ခိုင်လုံတဲ့စုံစမ်းစစ်ဆေးမှုနဲ့ တရားစီရင်မှုမှာ မူတည်ပါလိမ့်မယ်။ ဒီလိုမျိုးကိစ္စမျိုးမှာ တဖက်ကစွပ်စွဲတယ် တဖက်က ငြင်းဆန်တယ်ဆိုတဲ့ဟာမျိုး မဟုတ်ဘဲနဲ့ ဒီလိုမျိုးစုံစမ်းမှုကို ဘယ်လောက်ထိ ထိထိရောက်ရောက်လုပ်ခဲ့လဲ၊ ဘယ်လောက်ထိ ခိုင်ခိုင်လုံလုံအချက်တွေကို မူတည်ပြီးတော့မှ ကျူးလွန်လား မကျူးလွန်ဘူးလား ဆုံးဖြတ်လဲ၊ အဲဒီအချက်မှာ အရမ်းအရေးကြီးပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့ တောင်းဆိုချင်တဲ့ကိစ္စတစ်ခုကတော့ ဒါနဲ့ပတ်သက်ပြီးတော့ တပ်မတော်သာမကဘဲနဲ့ လွတ်လပ်တဲ့စုံစမ်းစစ်ဆေးမှုပုံစံဖြစ်ဖို့၊ နောက်တစ်ခါ အဲဒီ အချက်အလက်တွေကို တိတိကျကျ ကိုင်တွယ်ဖြေရှင်းနိုင်မယ့် တရားစီရင်မှုပိုင်းသွားမှ ဖြစ်ပါလိမ့်မယ်။ အခု ရခိုင်ဒေသမှာက တခုခုဖြစ်လိုက်လို့ဆိုရင် ပိုင်ရှင်မဲ့ခံရတဲ့သူတွေက ပြည်သူတွေပဲခံနေရတယ်။ အဲဒါကြောင့်မို့ ဒါမျိုးကိစ္စတစ်ခုကို ဘယ်လောက်ထိစုံစမ်းထားလဲ၊ ဘယ်လောက်ထိစစ်ဆေးထားလဲ၊ သက်သေအချက်အလက်တွေက ခိုင်လုံမှုရှိလား။ အဲဒီလိုမျိုး ခိုင်လုံသော စုံစမ်းစစ်ဆေးမှုရှိမှ ကျွန်တော်တို့ ဒါကိုပြောနိုင်မှာဖြစ်တယ်”


ဦးဂါရွာသူအမျိုးသမီး အဓမ္မပြုကျင့်ခံရတယ်ဆိုတဲ့ ပြောဆိုချက်အပေါ် သီးခြားစုံစမ်းမှုတွေလုပ်ဖို့ လိုအပ်တယ်ဆိုတဲ့ ပြောဆိုချက်တွေနဲ့ ပတ်သက်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကို RFA က မေးမြန်းခဲ့ရာမှာ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက တပ်မတော်အနေနဲ့ သတင်းထုတ်ပြန်ထားပြီး ဖြစ်သလို ကျူးလွန်ခဲ့တာမရှိကြောင်း RFA ကို ထပ်မံ ဖြေကြားခဲ့ပါတယ်။

ရခိုင်မြောက်ပိုင်းမှာ တပ်မတော်နဲ့ AA အဖွဲ့တို့အကြား စစ်ရေးပြင်းထန်နေဆဲဖြစ်ပါတယ်။

ဦးဂါကျေးရွာတည်ရှိရာ ရသေ့တောင်မြို့နယ် မူစဲကမ်းမှာ ဇွန်လကုန်ပိုင်းက တပ်မတော်က AA အဖွဲ့နဲ့ ပတ်သက်လို့ စစ်ဆင်ရေးဆောင်ရွက်ချက်တွေကြောင့် ဒေသခံနှစ်သောင်းခန့်ဟာ စစ်တွေနဲ့ အခြားနီးစပ်ရာ မြို့နယ်တွေကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ဒေသခံလွှတ်တော်ကိုယ်စားလှယ်တွေက ပြောဆိုထားကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။