တိုက်ခိုက်ခံ စပိန် ခရီးသွားဧည့်သည် ရဲတပ်ဖွဲ့ရှာဖွေနေ
2015.02.26
မြန်မာနိုင်ငံကို လာရောက်လည်ပတ်စဉ်အတွင်း တိုက်ခိုက်ခံခဲ့ရတဲ့ စပိန်နိုင်ငံသားတစ်ဦး ရန်ကုန်ဆေးရုံကြီး မှာ ဆေးဝါးကုသမှုခံယူနေစဉ်အတွင်း၊ မနေ့က ဆေးရုံက ရုတ်တရက်ဆင်းသွားတဲ့အတွက် ရဲတပ်ဖွဲ့က လိုက်လံရှာဖွေနေပါတယ်။
စပိန်သံရုံးနဲ့ချိတ်ဆက်ပြီး အဲဒီ့နိုင်ငံခြားသားကို လိုက်လံရှာဖွေနေဆဲဖြစ်တယ်လို့ ရန်ကုန် အနောက်ပိုင်းခရိုင် ဒုတိယရဲတပ်ဖွဲ့မှူးကြီး ဦးဝင်းကြည်က ပြောပါတယ်။
"ပဲခူးအမှတ် ၃ ရဲတပ်ဖွဲ့စခန်းမှာ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၉၄ နဲ့ လုယက်မှုနဲ့ စပိန်နိုင်ငံသားအမှု ဖွင့်ထားတာခင်ဗျ၊ ပဲခူးဆေးရုံးကနေတဆင့် ရန်ကုန်ဆေးရုံကြီးကို ပို့လိုက်တာပေါ့၊ ဦးနှောက်နဲ့ အာရုံကြောမှာ သူ့ကိုတင်ထားပေါ့၊ တင်ထားရင်းနဲ့ ညပိုင်းမှာ ဆေးရုံကနေ သူ့သဘောနဲ့သူ ခွင့်ပြုချက်မရဘဲနဲ့ ဆင်းသွားတယ်၊ ကျနော်တို့ လိုက်လံရှာဖွေနေတုန်းပဲ"
Mr. Perezquesada Carlos အမည်ရှိ စပိန်နိုင်ငံသား ခရီးသွားဧည့်သည်ဟာ မြန်မာနိုင်ငံကို ထိုင်းနိုင်ငံက တဆင့်၊ မြဝတီနယ်စပ်ဂိတ်ကနေ ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ပဲခူးကနေ ရန်ကုန်ကို စက်ဘီးစီးနင်းလာခဲ့ရာမှာ ဖေဖေါ်ဝါရီလ ၂၃ရက်နေ့ ညက အင်းတကော်မြို့ ဘဏ္ဍာကုန်း ကျေးရွာအနီးရောက်ရှိစဉ် လူနှစ်ယောက်က တိုက်ခိုက်ခဲ့တာကြောင့် ဓါးဒဏ်ရာ ၁၃ ချက် ရရှိခဲ့ပါတယ်။
တိုက်ခိုက်သူတွေက သူ့ကို အဲဒီ့ရွာအနီး ရန်ကုန်၊ ပဲခူးကားလမ်းမဘေးက ကိုင်းတောမှာ စွန့်ပစ်ထားခဲ့ပါတယ်။
ပဲခူးအမှတ် ၃ နယ်မြေရဲစခန်းအဆိုအရ အဲဒီ့စပိန်နိုင်ငံသားရဲ့ နိုင်ငံကူးလက်မှတ်၊ ကွန်ပြူတာ၊ ကင်မရာ၊ စက်ဘီး၊ အမေရိကန်ဒေါ်လာ ၇ဝဝ နဲ့ မြန်မာကျပ်ငွေ ၅ သောင်းခန့်ကို သူ့ကိုထားခဲ့တဲ့နေရာမှာပဲ တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ အဲဒီပစ္စည်းအားလုံး စပိန်သံရုံးကို အပ်နှံခဲ့ကြောင်း ရန်ကုန်အနောက်ပိုင်းခရိုင် ရဲစခန်းက ပြောပါတယ်။