အင်းစိန်ထောင်မှာ သေဒဏ်ကျ နိုင်ငံရေးအကျဉ်းသား တစ်ဦး ကွယ်လွန်

RFA Burmese
2024.12.02
အင်းစိန်ထောင်မှာ သေဒဏ်ကျ နိုင်ငံရေးအကျဉ်းသား တစ်ဦး ကွယ်လွန် ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင်ဝန်းအတွင်းကို ၂၀၂၃ ခုနှစ်၊ မေလ ၃ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ရန်ကုန်၊ အင်းစိန်အကျဉ်းထောင်မှာ သေဒဏ်ကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား ကိုပြည့်စုံဦးဟာ ကျောက်ကပ်ရောဂါနဲ့ နိုဝင်ဘာလ ၃၀ ရက်နေ့က ထောင်ထဲမှာ သေဆုံးသွားတယ်လို့ အင်းစိန်အကျဉ်းထောင်နဲ့ နီးစပ်သူတွေက RFA ကို ဒီနေ့ ပြောပါတယ်။

အသက် ၃၄ နှစ်အရွယ် ကိုပြည့်စုံဦးကို ထောင်အာဏာပိုင်တွေဘက်က ပြင်ပမှာဆေးကုသခွင့်ပေးခဲ့ပေမဲ့ ရောဂါအခြေအနေရ ကုသလို့ မရတော့တာကြောင့် သေဆုံးသွားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အင်းစိန်အကျဉ်းထောင်နဲ့ နီးစပ်သူ တစ်ဦးက RFA ကို ပြောပါတယ်။

“ကျောက်ကပ်ရောဂါ စဖြစ်ချိန်ကစလို့ ပြင်ပဆေးရုံမှာ ထောင်အာဏာပိုင်ဘက်က သူ့ကိုဆေးကုပေးတယ်။ လွန်ခဲ့တဲ့ ခြောက်လလောက်ကစပြီး ကျောက်ကပ်ဆေးရတယ်။ တစ်ပတ်ကိုနှစ်ကြိမ် ကျောက်ကပ်ဆေးရတယ်။ ဒီနေ့ပဲ သူ့ရဲ့ နာရေးကိစ္စတွေ အားလုံးလုပ်ခဲ့ပြီးပါပြီ။ ကိုပြည့်စုံဦးရဲ့ နာရေးမှာ ထောင်အာဏာပိုင်ဘက်က ပြစ်ဒဏ်လွတ်ငြိမ်း ခွင့်ပြုကြောင်းလည်း အမိန့်စာထုတ်ပါတယ်”

သူဟာ သန်လျင်ရေတပ်က တပ်သားတစ်ဦးဖြစ်ပြီး စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်အတွင်းမှာ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက် နိုင်ငံရေးလှုပ်ရှားမှုတွေကြောင့် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လက ဖမ်းဆီးခံလိုက်ရပြီး သန်လျင်ရေတပ်စခန်းမှာ တစ်နှစ်ကျော်ကြာ အချုပ်ကျခံခဲ့ရတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။

စစ်ကောင်စီရဲ့ သန်လျင်ရေတပ်စခန်း စစ်ခုံရုံးက ကိုပြည့်စုံဦးကို တပ်မတော်အက်ဥပဒေ ပုဒ်မ ၃၂ (ရန်သူအပေါ် အရေးယူရန် ပျက်ကွက်မှု)၊ အက်ဥပဒေ ပုဒ်မ ၃၇ (စစ်ပြေးမှု) တို့နဲ့ သေဒဏ်ချမှတ်ခဲ့ပြီး ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလထဲမှာ အင်းစိန်အကျဉ်းထောင် သေဒဏ်တိုက်ထဲ ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

အင်းစိန်အကျဉ်းထောင်ကို ရောက်ပြီးနောက် မိသားစုနဲ့ တွေ့ခွင့်ရသလို ပုံမှန်ထောင်ဝင်စာ ပို့ခွင့်လည်းရခဲ့တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။

နိုင်ငံရေး အကျဉ်းသားတစ်ဦး ထောင်တွင်းသေဆုံးမှုနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ အကျဉ်းဦးစီးဌာန ပြောခွင့်ရသူ ဒုတိယညွှန်ကြားရေးမှူးချုပ်ရုံးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများကွန်ရက် (PPNM) ကတော့ ၂၀၂၄ ခုနှစ်၊ ဆယ်လအတွင်း အကျဉ်းထောင်တွေထဲမှာ ဆေးကုသခွင့် အလုံအလောက်မရဘဲ သေဆုံးတဲ့ နိုင်ငံရေးအကျဉ်းသား နှစ်ဆယ် အထိရှိလာပြီလို့ ဒီဇင်ဘာလ ၂ ရက် ဒီနေ့ထုတ်ပြန်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။