သမ္မတ ဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အမိန့် ကုလသမဂ္ဂကြိုဆို


2013.12.31
jail-prisoner-305 jail-prisoner-305
Photo: RFA

ကျန်ရှိနေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ပြန်လွှတ်ဖို့ သမ္မတ ဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့် ကို ပြုပြင်ပြောင်းလဲရေးအတွက် အရေးကြီးတဲ့ ခြေလှမ်းတစ်ရပ်အဖြစ် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး OHCHR၊ ဗြိတိန်အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန နဲ့ လူ့အခွင့်အရေးအဖွဲ့တွေ က ကြိုဆို လိုက်ကြပါတယ်။

ဒီ လွတ်ငြိမ်းခွင့်အမိန့်ဟာ သမ္မတ ရဲ့ ကတိစကားနဲ့အညီလည်းဖြစ်၊  မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အကျဉ်းသား ပြဿနာဖြေရှင်းရေးမှာ ထင်ရှားတဲ့တိုးတက်မှုကို ပြသလိုက်တာလည်းဖြစ်ပါတယ်၊ မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသားအဖြစ် ဖမ်းဆီးထိန်းသိမ်းခံရတဲ့ အမှုတွေနောက်ထပ် မပေါ်ပေါက်ရအောင် ဥပဒေတွေ ပြုပြင် ပြောင်းလဲရေးအတွက် မြန်မာအစိုးရအပါအဝင်၊ သက်ဆိုင်သူတွေနဲ့အတူ ပူးပေါင်း ဆောင်ရွက်ဖို့မျှော်လင့် ပါတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး ပြောခွင့်ရသူက ပြောပါတယ်။

ဒါပေမဲ့ ရခိုင်ပြည်နယ်က ဖမ်းဆီးခံထားရတဲ့ NGO ဝန်ထမ်းသုံးဦး မပါဝင်တာကတော့ ဝမ်းနည်းဖို့ ကောင်းတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် သောမတ်စ် ကင်တာနားကလည်း သမ္မတ ဦးသိန်းစိန် ရဲ့ ကြေညာချက်ကို ကြိုဆိုကြောင်း၊ တချိန်တည်းမှာလည်း  နိုင်ငံရေးလှုပ်ရှားသူတွေအပေါ် ဖမ်းဆီး အပြစ်ပေးရာမှာ သုံးစွဲနေတဲ့ တည်ဆဲဥပဒေတွေကို စီစစ် ဖျက်သိမ်းဖို့လည်း အရေးတကြီးလိုတယ်လို့ ပြောကြား လိုက်ပါတယ်။

အလားတူ ဗြိတိန်အစိုးရ နိုင်ငံခြားရေးဝန်ကြီး Hugo Swire ကလည်း နောက်ထပ်ဖမ်းဆီးတာတွေ ပြန်ဖြစ်လာ မှာ ကို အထူးစိုးရိမ်ကြောင်း၊ လက်ရှိ အပြုသဘောဆောင်နေတဲ့အပြောင်းအလဲတွေဟာ ၂၀၁၄ ခုနှစ်အထိ အရှိန်အဟုန်နဲ့ ဆက်လက်တိုးတက်နေမယ်လို့ မျှော်လင့်ကြောင်း ပြောကြားပါတယ်။

Amnesty International နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကလည်း သမ္မတ အမိန့်အပေါ် ကြိုဆိုလိုက် ပြီး နိုင်ငံရေးအကျဉ်းသားတွေ ကို ပြန်လွှတ်ပေးတဲ့နေရာမှာ ဘယ်လို ခြွင်းချက်မျိုးမှ မရှိသင့်ဘူးလို့ ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။