ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှူး ဦးလှရွှေကို ဇူလိုင်လ ၁၇ ရက် မနေ့ညနေ ၃ သုံးနာရီလောက် ကျောက်တော်-ပုဏ္ဏားကျွန်း ကားလမ်း မအပေါ် ပန်းနီလာရွာအနီးမှာ ရက္ခိုင့်တပ်တော် (AA) က ဖမ်းဆီးသွားတယ်လို့ ဒေသခံ တွေက ပြောပါတယ်။
ဦးလှရွှေကို ကျောက်တော်မြို့နယ်ကနေ ပုဏ္ဏားကျွန်းကိုအပြန်မှာ AA က ဖမ်းသွားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပုဏ္ဏားကျွန်း ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“မနေ့က တနင်္ဂနွေနေ့ဆိုတော့ ကျောက်တော်ကို ဘုရားဖူးသွားတာပါ။ မဟာမြတ်မုနိ ဘုရားကို သွားဖူးတာပေါ့။ အပြန်လမ်းမှာပဲ AA က စစ်ဆေးစရာရှိလို့ဆိုပြီး ဖမ်းသွားတာ။ ကျနော်တို့ သိရတာကတော့ မိသားစုတွေနဲ့ အဆက်အသွယ်ရတယ်။ စစ်ဆေးလို့ပြီးရင် ပြန်လွှတ်ပေးမယ်လို့ အဲဒီလို ကြားရတယ်။ အခုမြို့ပေါ်မှာကတော့ ပုံမှန်အတိုင်းပါပဲ”
ဦးလှရွှေဟာ ဘူးသီးတောင်မြို့နယ် ဇာတိဖြစ်ပြီး ပုဏ္ဏားကျွန်းမြို့နယ် အုပ်ချုပ်ရေးမှူး အဖြစ် တာဝန်ကျတာ လပိုင်းလောက်ပဲ ရှိသေးတယ်လို့လည်း ဆိုပါတယ်။
ဘာကြောင့် ဖမ်းသွားတာလဲဆိုတာကို တိတိကျကျသိနိုင်ဖို့ AA ကို RFA က ဆက်သွယ်မေး မြန်းနေပေမယ့် ညနေပိုင်းအထိ အကြောင်းပြန် ဖြေဆိုတာ မရှိသေးပါဘူး။
စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရ ဦးဦးလှသိန်းကတော့ ဒီလိုအဖမ်းခံရတဲ့အပေါ် တိတိကျကျ မသိရသေးဘူးလို့ ပြောပါတယ်။
“ကျနော့်ဆီကိုတော့ သတင်းအတိအကျ မရောက်သေးဘူး။ ထွေအုပ်ရုံးကိုပဲ ရောက်မယ် ထင်တယ်။ ကျနော်ကတော့ လိုင်းပေါ်ကပဲ ပုဏ္ဏားကျွန်းမြို့နယ် အုပ်ချုပ်ရေးမှူး အဖမ်း ဆီးခံလိုက်ရတယ်လို့ သိရတာလောက်ပဲရှိတယ်”
ပြီးခဲ့တဲ့ ဇွန်လ ၁၆ ရက်နေ့ကလည်း ပုဏ္ဏားကျွန်းမြို့က စစ်ကောင်စီတပ်သားတစ်ဦးကို AA က ဖမ်းသွားပြီးနောက် ဒေသခံ ၁၀ ဦးထက်မနည်းကို စစ်ကောင်စီဘက်က ဖမ်းဆီးစစ်ဆေး ခဲ့ပါတယ်။
အဲဒီအထဲက တချို့ကို ပြန်လွှတ်ပေးခဲ့ပေမယ့် ခြောက်ဦးကိုတော့ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က)၊ ဝတ္တရားနှောင့်ယှက်မှု၊ မသင်္ကာမှု ပုဒ်မ ၃၃၃ / ၁၄၄ စတာတွေနဲ့ တရားစွဲထား ပါတယ်။
ရခိုင်ပြည်နယ် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး စတဲ့မြို့နယ်တွေမှာ ပြီးခဲ့ တဲ့ ဇွန်လအတွင်းက စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်းကို AA က ဖမ်းဆီးသွားပြီး နောက် ဒေသခံ ၄၀ ကျော် ဖမ်းဆီးခံထားရပါတယ်။
ပုဏ္ဏားကျွန်းမြို့နယ် သာစည်ရွာနဲ့ လက်ဝဲစာတိုက်ရွာကြားက စစ်ကောင်စီတပ် စစ်ဆေး ရေးဂိတ်မှာ ဖမ်းဆီးခံလိုက်ရတဲ့ ပေါက်တောပြင်ရွာက လူငယ်နှစ်ဦးကတော့ အခုအချိန်ထိ မိသားစုဝင်တွေနဲ့ အဆက်အသွယ် မရသေးပါဘူး။
အဖမ်းခံထားရတဲ့အထဲက ဒေသခံ ၃၀ ကျော်ကတော့ သက်ဆိုင်ရာမြို့နယ် တရားရုံးတွေမှာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က)၊ ၅၀၅ (ခ) စတဲ့ပုဒ်မတွေနဲ့ တရားစွဲခံထားရတယ်လို့ အရပ်ဘက်အဖွဲ့တွေရဲ့ စာရင်းအရ သိရပါတယ်။
