မြန်မာ့အရေးဆွေးနွေးပွဲ အပြုသဘောဆောင်ကြောင်း အင်ဒိုနီးရှားပြော

RFA Burmese
2023.11.25
မြန်မာ့အရေးဆွေးနွေးပွဲ အပြုသဘောဆောင်ကြောင်း အင်ဒိုနီးရှားပြော မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးသံတမန်ရုံးမှ ကြီးမှူးကျင်းပသည့် အစည်းအဝေးအား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်နေ့ကတွေ့ရစဉ်။
AP

မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေမှာ အဓိကအဖွဲ့တွေ ပါဝင်တဲ့၊ အပြုသဘောဆောင်တဲ့ ဆွေးနွေးပွဲတစ်ခုကို ကျင်းပနိုင်ခဲ့တယ်လို့ အင်ဒိုနီးရှားနိုင်ငံက မနေ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးသံတမန်ရဲ့ ရုံးကနေ ကြီးမှူးကျင်းပခဲ့တဲ့ ဒီအစည်းအဝေးကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၀ ရက်ကနေ ၂၂ ရက်အထိ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး၊ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) အပါအဝင် ဒီမိုကရေစီ လိုလားတဲ့အုပ်စုတွေ၊ တိုင်းရင်းသားအဖွဲ့တွေနဲ့ စစ်ကောင်စီဘက်က ဆွေးနွေးပြောဆိုမယ့်သူတွေ တက်ရောက်ခဲ့ကြတယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ကြေညာချက်ကို ကိုးကားပြီး AFP သတင်းမှာ ဖော်ပြထားပါတယ်။

ဒီအစည်းအဝေးကို ပဋိပက္ခတွေမှာ ပါဝင်တိုက်ခိုက်နေကြသူ အားလုံးပါဝင်တဲ့ ဆွေးနွေးပြောဆိုမှုတွေ ဖြစ်လာဖို့၊ အကြမ်းဖက် တိုက်ခိုက်မှုတွေ လျှော့ချဖို့ နဲ့ ပဋိပက္ခတွေကြောင့် ထိခိုက်တဲ့ မြန်မာပြည်သူတွေအတွက် လူသားချင်း စာနာမှု အကူအညီတွေ ပေးအပ်နိုင်ဖို့ အဓိက ရည်ရွယ်ချက်တွေနဲ့ ပြုလုပ်ခဲ့တာဖြစ်တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒီအစည်းအဝေးမှာ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးသံတမန်ရုံးကနေ သက်ဆိုင်သူ အုပ်စုတွေအကြား သတင်းစကား ဖလှယ်နိုင်ဖို့ အကူအညီပေးခဲ့ပြီး၊ အမှန်တကယ် စေ့စပ်ဆွေးနွေးမှုတွေ ဖြစ်မလာခင် အကြိုညှိနှိုင်းမှုဖြစ်လာဖို့ မျှော်လင့်တယ်လို့လည်း ကြေညာချက်မှာ ပါရှိပါတယ်။

အင်ဒိုနီးရှားနိုင်ငံအနေနဲ့ ဒီဆွေးနွေးပြောဆိုမှုတွေ ကနေတစ်ဆင့်၊ မြန်မာနိုင်ငံ အကျပ်အတည်းကို ရေရှည်ခံပြီး ပြီးပြည့်စုံတဲ့ ဖြေရှင်းနည်း ရှာဖွေဖို့အတွက် အားလုံးပါဝင်တဲ့ နိုင်ငံအဆင့် ဆွေးနွေးမှုတွေ ဖြစ်လာဖို့ မျှော်လင့်ကြောင်းနဲ့ အခု ပြုလုပ်သွားတဲ့ ဆွေးနွေးပွဲမှာလည်း ပါဝင်သူအားလုံးက အားလုံး ပါဝင်တဲ့ ဆွေးနွေးမှုတွေ မကြာခင် စတင်နိုင်ဖို့ အပြုသဘောဆောင်တဲ့ သဘောထားတွေ ပြသခဲ့ကြတယ်လို့ ကြေညာချက်မှာ ပါရှိပါတယ်။

အာဆီယံဟာ မြန်မာနိုင်ငံအရေးကို ဘုံသဘောတူညီချက် ငါးချက်နဲ့ ဖြေရှင်းဖို့ ကြိုးပမ်းခဲ့ပေမယ့် အာဆီယံ ပဋိညာဉ်မှာပါတဲ့ အဖွဲ့ဝင်နိုင်ငံတွေရဲ့ ပြည်တွင်းရေး ဝင်မစွက်ရေးမူနဲ့ အဖွဲ့ဝင်နိုင်ငံ အားလုံး သဘောတူမှုရှိဖို့ လိုအပ်ချက်တွေကြောင့် အာဆီယံရဲ့ ကြိုးပမ်းမှုတွေ မထိရောက်ကြောင်း ဝေဖန်ခံနေရတယ်လို့ AFP သတင်းမှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။