ဖမ်းဆီးခံ သတင်းထောက်တွေအတွက် ဆုတောင်းပွဲပြုလုပ်

မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက် အက်ဥပဒေနဲ့ ဖမ်းဆီးခံထားရတဲ့ ရိုက်တာသတင်းဌာနရဲ့ သတင်းထောက် နှစ်ဦး လွတ်မြောက်စေဖို့အတွက် ဒီကနေ့ ပျဉ်းမနားမြို့ ကိုးဆူဘုရားမှာ နေပြည်တော်အခြေစိုက် သတင်းထောက်အချို့ စုပေါင်းပြီး ဆုတောင်းပွဲ ပြုလုပ်ခဲ့ပါတယ်။

ဧရာဝတီသတင်းဌာန၊ အကြီးတန်းသတင်းထောက် ဦးထက်နိုင်ဇော် က ရိုက်တာသတင်းထောက်တွေနဲ့ အတူတူရပ်တည်ကြောင်းပြသဖို့ ဆုတောင်းပွဲပြုလုပ်တာဖြစ်တယ်လို့ ပြောပါတယ်။

"ဒီနေ့ ကျနော်တို့လုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ ရိုက်တာသတင်းထောက်နှစ်ယောက် အခုလို မတရားတဲ့ ပုဒ်မတွေနဲ့ အဖမ်းခံရတဲ့အပေါ်မှာ သူတို့တွေနဲ့အတူရပ်တည်ကြောင်း ပြသတဲ့အနေနဲ့ ကျနော်တို့ ဒီနေ့ ပျဉ်းမနား က ဘုရားမှာ စိတ်တူကိုယ်တူနဲ့ ဝါသနာတူတဲ့ သတင်းထောက်တွေ သူတို့အတွက် ဆုတောင်းပေးတယ်။ ပြီးတော့ အဲဒီဘုရားနားက ကန်မှာပဲ သူတို့လွတ်မြောက်စေချင်တဲ့ ဆန္ဒနဲ့ ငှက်တွေလွှတ်တယ်၊ ငါးတွေ အစာကျွေးတယ်ပေါ့လေ"

ရိုက်တာ သတင်းထောက် ကိုဝလုံး (ခေါ်) ကိုသက်ဦးမောင်နဲ့ ကိုကျော်စိုးဦး တို့နှစ်ဦးဟာ ပြီးခဲ့တဲ့ဒီဇင်ဘာလ ၁၂ ရက်ညက နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေနဲ့ ဖမ်းဆီးခံထားရတာဖြစ်ပါတယ်။

သူတို့နဲ့အတူ ရခိုင်ပြည်နယ် မြင်းလွတ်နယ်မြေရဲစခန်း မြေပုံစာရွက်နဲ့ အမှတ် (၈) နယ်မြေရဲစခန်းရဲ့ ကွပ်ကဲဒေသ မှာရှိတဲ့ ကျေးရွာတွေရဲ့ မီးလောင်ဆုံးရှုံးမှု အခြေအနေနဲ့ လူနေထိုင်တဲ့ အခြေအနေတွေကို ဖော်ပြထားတဲ့ စာရွက်စာတမ်းတွေကို သိမ်းဆည်းထားတယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

အခုဖြစ်စဉ်ဟာ သတင်းလွတ်လပ်ခွင့်ကို ထိပါးသလို သတင်းထောက်တွေရဲ့ လုံခြုံရေးကို ခြိမ်းခြောက်တာဖြစ်တယ် လို့ ယူဆတဲ့အကြောင်းလည်း ဆုတောင်းပွဲမှာပါဝင်တဲ့ သတင်းထောက်တွေကပြောပါတယ်။

သတင်းထောက်တွေ ဖမ်းဆီးခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂနဲ့ သတင်းမီဒီယာ အဖွဲ့အစည်းတွေကလည်း ကန့်ကွက်ကြောင်း ကြေညာချက်ထုတ်ပြန်ထားကြပါတယ်။

ရိုက်တာသတင်းထောက် ကိုသက်ဦးမောင်နဲ့ ကိုကျော်စိုးဦး တို့ကို ဖမ်းဆီးထားတဲ့ကိစ္စနဲ့ ပတ်သက်ပြီး မိသားစုဝင်တွေကို ဒီကနေ့အထိ ရဲတပ်ဖွဲ့က အကြောင်းကြားတာမျိုး မရှိသေးဘူးလို့ မိသားစုဝင်တွေ က ပြောပါတယ်။