မူးယစ်ဆေးဝါးကို ထိရောက်အောင် တိုက်ဖျက်ဖို့ သမ္မတညွှန်ကြား


2018.06.01
president-anti-durgs-622.jpg နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေနဲ့ အဖွဲ့ဝင်ကို ၂၀၁၈ ဇွန်လ ၁ ရက်နေ့က တွေ့ဆုံစဉ်
Photo: Myanmar President Office

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က လူငယ်တွေ မူးယစ်ဆေးဝါးသုံးဆွဲမူ ပိုမိုများပြားလာကြောင်းနဲ့  မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်တစ်ခုအဖြစ် တိုက်ဖျက်ကြဖို့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအတွက် တာဝန်ရှိသူတွေနဲ့ တွေ့ဆုံစဉ် ညွှန်ကြားလိုက်ပါတယ်။

မနေ့က နိုင်ငံတော်သမ္မတနေအိမ်မှာ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့က တာဝန်ရှိသူတွေနဲ့ တွေ့ဆုံစဉ် သမ္မတဦးဝင်းမြင့်က ညွှန်ကြားထားတာဖြစ်ကြောင်း လူမူဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင် ကပြောပါတယ်။

"ပူးပေါင်းဆောင်ရွက်ကြဖို့ နောက်တစ်ခါ တားဆီးကားကွယ်ရေးလုပ်ငန်းတွေနဲ့ ပတ်သက်လို့ ပိုမိုအားထည့်ဖို့၊ လုပ်ငန်းတွေဆောင်ရွက်တဲ့အခါမှာလည်း ပြဌာန်းချက်များနဲ့အညီ ဆောင်ရွက်ကြဖို့၊ ဒါတွေလည်း ကျနော်တို့ပြောတယ်လေ၊ မူးယစ်ဆေးဝါး ကာကွယ်နှိမ်နင်းရေးအဖွဲ့တွေပေါ့ ဒေသတွေမှာလေ၊ ကျနော်တို့ မြို့နယ်တွေ၊ ခရိုင်တွေ၊ တိုင်းဒေသကြီး ခရိုင်တွေ အဲဒီအလိုက်ဖွဲ့ပြီးတော့မှ ဒေသအာဏာပိုင်အဖွဲ့ အစည်းတွေရော၊ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေရော  အဲဒီဒေသမှာရှိတဲ့ စိတ်ပါဝင်စားတဲ့ ပြည်သူတွေ အဲဒါတွေနဲ့ ဖွဲ့ပြီးတော့မှလေ"

မူးယစ်တိုက်ဖျက်ရေးအဖွဲ့မှာ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနလည်း ပါဝင်တာ ဖြစ်ပါတယ်။ မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး အထူးအဖွဲ့ကို သီးခြားဖွဲ့စည်းပြီး ဗဟိုကနေ တိုက်ရိုက်ကွပ်ကဲ သွားဖို့နဲ့ မူးယစ်ဆေးဝါး စိုက်ပျိုး၊ ထုတ်လုပ် ရောင်းချ ဖြန့်ဖြူးတဲ့သူတွေကို ထိရောက်တဲ့ ပြစ်ဒဏ်ချမှတ်ရေး လိုအပ်တယ်လို့ နိုင်ငံတော်သမ္မတက ပြောခဲ့ပါတယ်။

မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေးအဖွဲ့တွေကို မြို့နယ်၊ ခရိုင်နဲ့ တိုင်းဒေသကြီးတွေ၊ ပြည်နယ်တွေ မှာ ဒေသဆိုင်ရာ တာဝန်ရှိသူတွေနဲ့ အရပ်ဖက်အဖွဲ့တွေ၊ စိတ်ပါဝင်စားတဲ့ ပြည်သူတွေကိုလည်း ထည့်သွင်းဖွဲ့စည်းပြီး အဲဒီအဖွဲ့တွေ ကို ဆုငွေချီးမြှင့်တဲ့အထိ ကျင်းသုံးဖို့ ပြောပါတယ်။

မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ မှာ ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေတာဖြစ်ပါတယ်။

လူမူဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်က မူးယစ်ဆေးဖြတ်ပြီးတဲ့သူတွေကို အသက်မွေးဝမ်းကျောင်း သင်တန်းတွေပေးတာတွေ၊ ကျန်းမာရေးစောင့်ရှောက် မှုပေးတာတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေနဲ့ သဟဇာတပြန်ဖြစ်အောင် ကူညီပေးတာတွေ လုပ်သွားဖို့ရှိတယ် လို့ ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။