ရခိုင်ပြည်နယ်က အောင်တံခွန် အမှတ်(၃) ရေယာဉ် နစ်မြုပ်မှုကို စုံစမ်းစစ်ဆေးဖို့အတွက် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ပညာရှင်တွေပါဝင်တဲ့ စုံစမ်းရေးအဖွဲ့ကို ရခိုင်ပြည်နယ်လွှတ်တော်က ဖွဲ့စည်း လိုက်ပါတယ်။
စုံစမ်းရေးအဖွဲ့ဟာ တောင်ကုတ်၊ ရမ်းဗြဲ၊ ကျောက်ဖြူ၊ မြေ ပုံ စတဲ့ မြို့တွေမှာ စုံစမ်းလေ့လာပြီး တွေ့ရှိချက်တွေကို လာမယ့် ဧပြီလ ၁၀ ရက်နေ့မှာ ရခိုင်ပြည်နယ် လွှတ်တော်ထံ တင်သွင်းရမှာဖြစ်တယ်လို့ အဲဒီ့အဖွဲ့ မှာပါဝင်တဲ့ မြေပုံမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဝင်းက ပြောပါတယ်။
"ဒီနေ့ ကော်မတီတစ်ရပ် ရခိုင်ပြည်နယ်လွှတ်တော်က ဖွဲ့စည်းပေးလိုက်တယ်၊ အဲဒီ့အထဲမှာ လွှတ်တော် ကိုယ်စားလှယ်တွေ၊ ဥပဒေပညာရှင်တွေပေါ့နော်၊ ဒီတောင်ကုတ်ခရီးစဉ်ကစပြီး စစ်တွေအထိ အဖွဲ့လေးဖွဲ့ ခွဲပြီးတော့ လွှတ်လိုက်ပါတယ်၊ သေဆုံးသွားတဲ့သူတွေ၊ အသက်ရှင်ကျန်ရစ်တဲ့သူတွေ နောက်အလောင်း ရှာမတွေ့တဲ့သူတွေစာရင်းကို ပြန်ကောက်ပြီးတော့ အဲ့ဒါကို ကျနော်တို့ ရခိုင်ပြည်နယ်လွှတ်တော်ကို ဧပြီလ ၁ဝ ရက်နေ့မှာ အပြီးသတ်အစီရင်ခံစာ တင်သွင်းရမှာဖြစ်ပါတယ်"
အောင်တံခွန် အမှတ်(၃) ရေယာဉ်ဟာ ပြီးခဲ့တဲ့ မတ်လ ၁၃ ရက်နေ့က မြေပုံမြို့နယ် နောင်တော်မြစ်အတွင်းမှာ နစ်မြုပ်ခဲ့တာဖြစ်ပါတယ်။
အဲဒီနစ်မြုပ်မှုကြောင့် ရေယာဉ်ပေါ်မှာလိုက်ပါလာတဲ့ လူ ၂၀၀ ကျော်ထဲက ၁၆၉ ဦး အသက်ရှင်ပြီး သေဆုံးသူ ၆၄ ဦး ရှိတယ်လို့ အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။
ဒါပေမဲ့ ရေယာဉ်ပေါ်မှာလိုက်ပါလာတဲ့ လူအရေအတွက်နဲ့ သေဆုံးသူအရေအတွက် သတင်းအချက်အလက်တွေဟာ အစိုးရထုတ်ပြန်ချက်နဲ့ ကွဲလွဲမှုတွေရှိနေပါတယ်။
မြေပုံမြို့နယ်က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းကို RFA သတင်းထောက် ကိုကျော်သူ က ဆက်သွယ်မေးမြန်းထားပါတယ်။
0:00 / 0:00