သမ္မတရဲ့ တရုတ်ခရီးစဉ်အတွင်း သဘောတူညီမှုှုစာချုပ် ၆ ခုလောက် ချုပ်ဆိုမည်
2017.04.06

နိုင်ငံတော်သမ္မတ ဦးထင်ကျော်ရဲ့ တရုတ်နိုင်ငံခရီးစဉ်အတွင်း စာချုပ် ၆ ခုလောက် လက်မှတ်ရေးထိုးဖို့ ပြင်ဆင် သွားတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးကျော်ဇေယျ က ပြောပါတယ်။
အဲဒီစာချုပ်တွေဟာ ပညာရေး၊ ကျန်းမာရေးနဲ့ အားကစားဆိုင်ရာ စာချုပ်တွေဖြစ်တယ်လို့ ဦးကျော်ဇေယျက ဒီကနေ့ နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ အစိုးရသက်တမ်း ၁ နှစ်အတွင်း လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်တဲ့ သတင်းစာ ရှင်းလင်းပွဲ အပြီးမှာ သတင်းထောက်တွေကို ပြောပါတယ်။
မြစ်ဆုံစီမံကိန်းကိစ္စနဲ့ ပတ်သက်ရင်တော့ လက်ရှိဖွဲ့စည်းထားတဲ့ ကော်မရှင်ရဲ့ရလဒ်ကို စောင့်တာပိုကောင်းတယ် လို့လည်း ဦးကျော်ဇေယျက ပြောပါတယ်။
နိုင်ငံတော်သမ္မတ ဦးထင်ကျော်ဟာ ဒီကနေ့ မှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ချစ်ကြည်ရေးခရီးစဉ် သွားရောက်နေပြီ ဖြစ်ပါတယ်။
အဲဒီခရီးစဉ်ကို နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေ၊ စီးပွားကူးသန်းဝန်ကြီး ဦးသန်းမြင့် ၊ ဆောက်လုပ်ရေးဝန်ကြီး ဦးဝင်းခိုင်နဲ့ နိုင်ငံခြားရေး ဒုဝန်ကြီး ဦးကျော်တင်တို့လည်း လိုက်ပါသွားတယ်လို့ သိရပါတယ်။