ကလေးမြို့ပြည်သူ သမ္မတသဘောထား ထောက်ခံ ဆန္ဒပြ

ရိုဟင်ဂျာအရေးနဲ့ ပတ်သက်လို့ သမ္မတ ဦးသိန်းစိန်ရဲ့ သဘောထားကို ထောက်ခံကြောင်း ပြသတဲ့အနေနဲ့ စစ်ကိုင်းတိုင်း ကလေးမြို့မှာ ထောင်နဲ့ချီတဲ့ ပြည်သူတွေ ဒီကနေ့ နေ့လည်ပိုင်းက ငြိမ်းချမ်းစွာ ချီတက်လမ်းလျှောက် ဆန္ဒပြခဲ့ကြပါတယ်။

2012-09-13
Share

ဒီကနေ့ ဆန္ဒပြပွဲ မြင်ကွင်းနဲ့ ပတ်သက်လို့ ကလေးမြို့က "ဖြူသောနှင်း" လက်ဖက်ရည်ဆိုင်ပိုင်ရှင် ဦးကြင်ဝင်းက RFA ကို အခုလို ပြောပြပါတယ်။

"လူတွေကတော့ အများကြီးပဲ။ သောင်းဂဏန်းလောက်တော့ ရှိမယ်။ နိုင်ငံတော် သီချင်းဆိုသွားတယ်။ ပိုစတာမှာက ဒီနိုင်ငံတော် သမ္မတရဲ့ မိန့်ခွန်းကို ထောက်ခံတဲ့အကြောင်း၊ ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံမှာ လက်မခံတဲ့ အကြောင်း ရေးထားတယ်။ တူညီဝတ်စုံကတော့ လူအနည်းစုလောက်ပဲ ပါတယ်ဗျ။ ကျန်တဲ့လူတွေကတော့ ရိုးရိုးသာမန် အဝတ်အစားတွေပါ"

အဲဒီဆန္ဒပြပွဲမှာ သမ္မတ ဦးသိန်းစိန်ပုံကို ရင်ဘတ်နေရာမှာ ပုံနှိပ်ထားတဲ့ အဖြူရောင် တီရှပ်အကျီကို ဝတ်ဆင်ထားသူတွေက လူထုရဲ့ရှေ့ဆုံးကနေ ချီတက် လျှောက်လှမ်းခဲ့ကြပါတယ်။

ဒါအပြင် ဆန္ဒပြ ရဟန်းရှင်လူ ပြည်သူတွေဟာ "သမ္မတကြီးကို ထောက်ခံခြင်းဖြင့် အမိမြန်မာပြည်ကို ကာကွယ်ပါ" လို့ ရေးသားထားတဲ့ စာတန်းပါ ပိုစတာတွေ၊ ဗီနိုင်းကားချပ်တွေ၊ နိုင်ငံတော်အလံနဲ့ ပန်းစည်းတွေ ကိုင်ဆွဲပြီး နိုင်ငံတော်သီချင်းကို ညီညီညာညာ သီဆိုပြီး မြို့တွင်း လမ်းမကြီးတွေပေါ်မှာ စီတန်း လှည့်လည်ခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီ သမ္မတထောက်ခံပွဲကို သက်ဆိုင်ရာက လူအင်အား တစ်ရာပဲ စီတန်းလှည့်လည်ခွင့် ပြုခဲ့ပေမယ့် ဒေသခံ ရဟန်းနဲ့ ပြည်သူ တစ်သောင်းလောက်နီးပါးအထိ ချီတက်လှည့်လည် ဖြစ်ခဲ့တယ်လို့ ဦးဆောင်သူ တစ်ဦးဖြစ်တဲ့ ကိုကျော်သူစိုးက ပြောပါတယ်။

"မင်္ဂလာဥယျာဉ်ကျောင်းက စပြီးတော့ထွက်ခွာပါတယ်။ အဓိက ရည်ရွယ်ချက်က သမ္မတ ဦးသိန်းစိန်ရဲ့ ရိုဟင်ဂျာကိစ္စနဲ့ ပတ်သက်ပြီး UNHCR ကိုပြောကြားခဲ့တဲ့ အဆိုကို ထောက်ခံကြတာပါဗျ"

ဆန္ဒထုတ်ဖော်သူတွေကို ရဟန်း သံဃာတော် တချို့က လူထုရဲ့ဘေးကနေ စီတန်းဝန်းရံ လိုက်ပါခဲ့ကြပြီး လုံခြုံရေးအဖြစ် ပြည်သူ့ရဲတချို့လည်း စောင်ကြည့် လိုက်ပါခဲ့ကြတယ်လို့ သိရပါတယ်။

အလားတူ ရိုဟင်ဂျာအရေးနဲ့ ပတ်သက်လို့ သမ္မတ ဦးသိန်းစိန်ရဲ့ သဘောထားကို ထောက်ခံကြောင်း ပြသတဲ့ ဆန္ဒပြပွဲတွေကို များမကြာခင်က မန္တလေးမြို့မှာ ရဟန်း သံဃာတော်တွေက ဦးဆောင် ပြုလုပ်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့