မူးယစ်ဆေးဝါးအမှုတွေကို ဖမ်းဖို့မကြိုးစားဘဲ ရှောင်ကွင်းခဲ့တဲ့ တာဝန်ရှိဌာနဆိုင်ရာဝန်ထမ်းတချို့ ရှိတာကြောင့် ဆုကြေးပေးဖို့ စီစဉ်တာလို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြောပါတယ်။
မူးယစ်အမှုတွေကို သတင်းပေးတိုင်ကြားရင် ဆုကြေးပေးဖို့ စီစဉ်ထားတယ်လို့ ကြေညာထားတာနဲ့ ပတ်သက်ပြီး နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် က ဒီနေ့ လားရှိုးမြို့ မြို့တော်ခန်းမမှာ ဌာနဆိုင်ရာဝန်ထမ်းတွေ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တေ့ွဆုံစဉ် အခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။
"ကျနော်တို့က အဲဒီလို ပုဂ္ဂိုလ်တွေကို ချီးမြှင့်ပေးနိုင်မှ။ မချီးမြှင့်ပေးနိုင်လို့ရှိရင် တချို့ ဒီပေါ်မှာ ဆက်နွယ်နေတဲ့ တာဝန်ရှိပုဂ္ဂိုလ်တချို့က၊ တာဝန်ရှိ ဝန်ထမ်းတချို့က မူးယစ်ဆေးဝါး ဖမ်းဖို့ မကြိုးစားဘဲနဲ့ အဲဒီရဲ့ ပေးကမ်းမှုအပေါ်မှာ မဖမ်းတော့ဘဲနဲ့ ရှောင်ကွင်းခဲ့တာတွေရှိပါတယ်။ ဒီလိုရှောင်ကွင်းမှုမျိုးကို မဖြစ်စေချင်ပါဘူး။ အဲဒီလိုရှောင်ကွင်းမယ့်အစား နိုင်ငံတော်ကို အကျိုးပြုတဲ့အနေနဲ့ တရားဝင်ရတဲ့ ထိုက်ထိုက်တန်တန် ပစ္စည်းပေါ်မှာ ကျနော်တို့က အခွန်ကင်းလွတ်ခွင့်ပေးပြီးတော့ ပြန်လည် ထောက်ပံ့ပေးမှာဖြစ်ပါတယ်။ ဒါဟာ ကျနော်တို့ ပွင့်ပွင့်လင်းလင်းပြောတာပါ"
အဲဒီလိုဆုကြေးပေးတဲ့နေရာမှာ ဖမ်းမိတဲ့ မူးယစ်ဆေးဝါးတွေကို ပြန်လည်ရောင်းချလို့ရရှိတဲ့ အကျိုးအမြတ်ကိုပေး မယ် မဟုတ်ဘဲ အမှုနဲ့ဆက်စပ်ပြီး သိမ်းဆည်းရမိတဲ့ ဆက်စပ်ပစ္စည်းတွေကို ရောင်းချမှုကနေရရှိတဲ့ အကျိုးအမြတ် ထဲက အချိုးကျပေးမှာဖြစ်တယ်လို့လည်း ပြောခဲ့ပါတယ်။
ဒါ့အပြင် မူးယစ်ဆေးဝါးအမှုတွေနဲ့ ပတ်သက်ပြီး သိရက်နဲ့ မဖမ်းဆီးတာ၊ ဌာနဆိုင်ရာဝန်ထမ်းတွေ မူးယစ်ဆေးဝါး အမှုတွေမှာ ပါဝင်ပတ်သက်တာတွေရှိရင် တည်ဆဲဥပဒေတွေနဲ့အညီ အရေးယူမယ်လို့ သတိပေးခဲ့ပါတယ်။
ရှမ်းပြည်နယ်ခရီးစဉ်အတွင်း သမ္မတဟာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး၊ သိမ်းဆည်းခံ လယ်ယာမြေတွေ တောင်သူတွေလက်ထဲ ပြန်လည်ရရှိအောင် ဝိုင်းဝန်းကူညီရေး စတဲ့အချက်တွေကို အဓိကထားပြောကြားခဲ့တာဖြစ်ပါတယ်။
နိုင်ငံတော်သမ္မတဟာ မနေ့က တောင်ကြီးမြို့အစိုးရအဖွဲ့ရုံးမှာ ဌာနဆိုင်ရာတွေ လွှတ်တော်ကိုယ်စားလှယ်တွေ နဲ့ တွေ့ဆုံခဲ့ပါတယ်။ မနေ ကတွေ့ဆုံပွဲမှာ ဒေသခံမီဒီယာတွေ သတင်းယူခွင့်မရခဲ့ကြဘူးလို့ သိရပါတယ်။
ဒီကနေ့လားရှိုးမြို့က တွေ့ဆုံပွဲမှာတော့ ပြန်ကြားရေးဌာနကနေ စာရင်းပေးထားတဲ့ မီဒီယာအချို့ သတင်းယူခွင့်ရပေမယ့် တွေ့ဆုံပွဲပြုလုပ်နေချိန်မှာတော့ သတင်းရိုက်ကူးယူခွင့် မရခဲ့ကြပါဘူး။
ဒီကနေ့တွေ့ဆုံပွဲမှာ နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုအစိုးရအဖွဲ့တာဝန်ရှိသူတွေ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးတွေ ရှမ်းပြည်နယ်မြောက်ပိုင်းမြို့နယ်အတွင်းက ဌာနဆိုင်ရာတွေ စုစုပေါင်း ငါးရာဝန်းကျင်လောက် တက်ရောက်ခဲ့ကြပါတယ်။