မြန်မာလုပ်သားများ တန်းတူအခွင့်အရေးရဖို့ သမ္မတပြော

ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသား အလုပ်သမားတွေအပေါ် အလုပ်သမားအခွင့်အရေး တန်းတူပေးစေ လိုကြောင်း နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ ဒီနေ့တွေ့ဆုံစဉ် ပြောပါတယ်။

အဲဒီကိစ္စနဲ့ ပတ်သက်ပြီး နေပြည်တော်က နိုင်ငံခြားရေးဝန်ကြီးရုံးမှာ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်း စုကြည်နဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ထိုင်းနိုင်ငံခြားရေးဝန်ကြီး Mr. Don Pramudwinai က အခုလိုပြောပါတယ်။

"ကျွန်တော်တို့ ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမား တရားဝင်မှတ်ပုံတင်ထားတဲ့ စာရင်းအရ ၁ ဒသမ ၅၉သန်း ရှိပါတယ်၊ မှတ်ပုံမတင်ထားသူတွေလည်းရှိပါတယ်၊ ကျွန်တော်တို့ ထိုင်းနိုင်ငံသားတွေအနေ နဲ့ မြန်မာနိုင်ငံသားတွေကို လက်ခံထားရတာ ဝမ်းသာပီတိဖြစ်ပါတယ်၊ မြန်မာအလုပ်သမားတွေလည်း ထိုနည်း တူခံစားရမယ်ထင်ပါတယ်၊ မှတ်ပုံတင်ထားတဲ့ အလုပ်သမားတွေအတွက် ခံစားခွင့်ရှိပါတယ်၊ ကျန်းမာရေး ပညာရေး စောင့်ရှောက်မှုတွေလည်း ပေးထားပါတယ်၊ ရေရှည်မှာ ပိုကောင်းတဲ့အခြေအနေတွေလည်း ဖြစ်လာ မှာပါ" လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောသွားတာပါ။

နိုင်ငံတော်သမ္မတ အိမ်တော်မှာ သမ္မတဦးထင်ကျော်နဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံရာမှာ ထားဝယ်အထူး စီးပွားရေးဇုန်ကို မြန်မာ၊ ထိုင်း၊ ဂျပန် သုံးနိုင်ငံပူးပေါင်းဆောင်ရွက်ဖို့၊ ရင်းနှီးမြှုပ်နှံမှုအပိုင်းမှာလည်း တာဝန်သိ တာဝန်ယူမှု ရှိဖို့တို့ကို ဆွေးနွေးခဲ့တယ်လို့ နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန်ပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံခြားရေးဝန်ကြီးက နိုင်ငံတော်သမ္မတ ဦးထင်ကျော်ကို ထိုင်းနိုင်ငံကို အလည်အပတ်လာရောက်ဖို့ ဖိတ်ခေါ်သလို ရုရှားနိုင်ငံမှာ ကျင်းပမယ့် ရုရှား-အာဆီယံ အစည်းအဝေးမှာ မြန်မာ ထိုင်းနှစ်နိုင်ငံ ပူးပေါင်းဆောင် ရွက်ရေးကိစ္စတွေကို ဆွေးနွေးလိုကြောင်းလည်း ပြောခဲ့တယ်လို့ သိရပါတယ်။