လယ်ယာမြေ အငြင်းပွားမှု ပြဿနာတွေနဲ့ ပတ်သက်ပြီး အစိုးရက ဖြေရှင်းဆောင်ရွက်နေတဲ့ အခြေအနေတွေကို လွှတ်တော်က အချိန်တပြေးညီ သိရှိနိုင်ဖို့အတွက် အစိုးရကဖွဲ့စည်းထားတဲ့ မြို့နယ် မြေအသုံးချမှု စီမံခန့်ခွဲရေး ကော်မတီတွေနဲ့ သက်ဆိုင်ရာမြို့နယ် လွှတ်တော်ကိုယ်စားလှယ်တွေ ပူးပေါင်းဆောင်ရွက်ဖို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဒီနေ့ ပြည်ထောင်စုလွှတ်တော်ကို တိုက်တွန်းကြောင်း သဝဏ်လွှာပေးပို့ခဲ့ပါတယ်။
နိုင်ငံတော်သမ္မတပေးပို့တဲ့ သဝဏ်လွှာကို ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက အခုလို လွှတ်တော်ကို တင်ပြခဲ့ပါတယ်။
"နိုင်ငံတော်သမ္မတထံမှ မြေပြင်ကွင်းဆင်း ဆောင်ရွက်လျှက်ရှိသော မြို့နယ်မြေအသုံးချမှု စီမံခန့်ခွဲရေးကော်မတီ အသီးသီးတွင် သက်ဆိုင်ရာမြို့နယ်အလိုက် ရွေးကောက်တင်မြှောက်ခံရသည့် လွှတ်တော်ကိုယ်စားလှယ်များက ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အများပြည်သူတို့ မနစ်နာစေရန် ပွင့်လင်းမြင်သာစွာဖြင့် ရှင်းလင်းဆောင်ရွက်နေမှုအား အထောက်အကူပြု ဖြစ်စေမည့်အပြင် ပကတိအခြေအနေမှန်ကိုလည်း လွှတ်တော်များက အချိန်နဲ့တပြေးညီ သိရှိနိုင်မည်ဖြစ်ပါ၍ တိုက်တွန်းကြောင်း ရည်ညွှန်းချက်ဖြင့် ပေးပို့ပါတယ်၊ မြေယာပြဿနာကိစ္စများသည် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် နေရာအနှံ့ ဖြစ်ပွားလျှက်ရှိသော ကိစ္စရပ်များဖြစ်ပါသဖြင့် ပြည်ထောင်စုလွှတ်တော်ကိုလည်းများစွာမက တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်ကိုလည်း ရည်ညွှန်းလျှက်ပါ နိုင်ငံတော်သမ္မတ၏ တိုက်တွန်းချက်နဲ့အညီ သက်ဆိုင်ရာမြို့နယ်အလိုက် ပူးပေါင်းဆောင်ရွက်ပေးကြပါရန် ပေးပို့ပါသည်"
နိုင်ငံတော် ဒုတိယသမ္မတ ဦးဉာဏ်ထွန်း ဦးဆောင်ပြီး မြို့နယ်အသီးသီးမှာ မြေအသုံးချမှုစီမံခန့်ခွဲရေး ကော်မတီတွေကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးတွေ၊ မြေစာရင်းဦးစီးဌာန တာဝန်ရှိသူတွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ ၂၀ရက်နေ့က ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကနေ လယ်ယာမြေ ပြဿနာတွေကို အစိုးရအဖွဲ့အနေနဲ့ လာမယ့် စက်တင်ဘာလကုန် နောက်ဆုံးထားပြီး ဖြေရှင်းဆောင်ရွက်ဖို့ ဆုံးဖြတ်ပြီး နိုင်ငံတော်သမ္မတဆီ သဝဏ်လွှာပေးပို့ထားပါတယ်။ အဲ့ဒီသဝဏ်လွှာနဲ့ ပတ်သက်ပြီး နိုင်ငံတော်သမ္မတက ပြန်လည်ပေးပို့တာဖြစ်ပါတယ်။
သမ္မတရဲ့ တိုက်တွန်းချက်နဲ့ ပတ်သက်လို့ RFA သတင်းထောက် မခင်ပြည့်စုံ သတင်းပေးပို့ထားတာ နားဆင်နိုင်ပါတယ်။
ဒီအတောအတွင်း မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် တံငါရွာက ရာနဲ့ချီတဲ့ တောင်သူတွေဟာ သမဝါယမဝန်ကြီးဌာနက သိမ်းထားတဲ့ သူတို့လယ်မြေတွေပေါ်မှာ ဝင်ရောက်ထွန်ယက်နေတာ ဒီနေ့ဆိုရင် ၃ ရက် ရှိပြီဖြစ်ပါတယ်။ တံငါရွာက ဝင်ရောက်ထွန်ယက်နေတဲ့ တောင်သူ ဦးရဲရင့်ကျော်ကို RFA သတင်းထောက် ကိုကျော်သူ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။