ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်တဲ့မူကြမ်းမှာ တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေ ခန့်အပ်ပိုင်ခွင့်နဲ့ သက်ဆိုင်တဲ့ ပုဒ်မ ၂၆၁ ပါ ပြဌာန်းချက် အများစုကို ပြင်ဆင်ထားတယ်လို့ ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းအေးက ဒီနေ့ ပြောလိုက်ပါတယ်။
အဲဒီပြင်ဆင်တဲ့မူကြမ်းကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် စုစုပေါင်းရဲ့ ၂၀ ရာခိုင်နှုန်း လက်မှတ်တွေနဲ့ ပြည်ထောင်စု လွှတ်တော် နာယက ထံ တင်လိုက်တယ်လို့လည်း သိရပါတယ်။
ပုဒ်မ ၄၃၃ နဲ့ ပုဒ် ၄၃၄ ပါ ပြဌာန်းချက်တွေအရ ဖွဲ့စည်းပုံကို ပြင်ဆင်မယ်ဆိုရင် လွှတ်တော် ကိုယ်စားလှယ် စုစုပေါင်းရဲ့ ၂၀ ရာခိုင်နှုန်းက ပြင်ဆင်တဲ့မူကြမ်းကို တင်သွင်းတဲ့အခါ ပြည်ထောင်စု လွှတ်တော်က လက်ခံဆွေးနွေးရမယ်လို့ ပါရှိတာဖြစ်ပါတယ်။
တင်သွင်းတဲ့ ကိုယ်စားလှယ် ၂၀ ရာခိုင်နှုန်းထဲမှာ ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီ၊ တပ်မတော်သား ကိုယ်စားလှယ်တွေနဲ့ တိုင်းရင်းသားပါတီတချို့ ပါဝင်တယ်လို့ သိရပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုဝင်းကိုကိုလတ် ပေးပို့တာပါ။
