အကျဉ်းသားရှေ့နေတစ်ဦး အစာငတ်ခံ ဆန္ဒပြနေ


2015.01.31

မြေသိမ်းယာသိမ်းမှုတွေကို အခမဲ့လိုက်ပါဆောင်ရွက်ပေးမှုနဲ့ အိုးဘိုထောင်မှာ ချုပ်နှောင်ခံထားရတဲ့ မေမြို့ခေါ် ပြင်ဦးလွင်က တရားလွှတ်တော်ရှေ့နေ ဦးဇော်ဝင်းဟာ တရားစီရင်ရေးစနစ်ကို အယုံအကြည်မရှိတဲ့အတွက် မနေ့ကစပြီး အစာငတ်ခံ ဆန္ဒပြနေတယ်လို့ သူ့ဇနီးနဲ့ သူ့အမှုကို လိုက်ပါဆောင်ရွက်နေတဲ့ ရှေ့နေက ပြောပါတယ်။

မနေ့က ထောင်ဝင်စာသွားတွေ့ချိန်မှာ ပစ္စည်းပဲပေးနိုင်ပြီး အစာငတ်ခံနေလို့ ဦးဇော်ဝင်းကို မတွေ့ခဲ့ရဘူးလို့ သူ့ဇနီး ဒေါ်စံကြည်သာက ပြောပါတယ်။

"တရားဝင်သိရတာ မနေ့ကမနက်က၊ မနေ့က မနက်ကနေစပြီးတော့ အစာငတ်ခံပြတာပါရှင့်၊ ထောင်ဝင်စာလည်း သွားတွေ့တဲ့အချိန်ကျတော့ ဆရာမလည်း တွေ့လို့မရပါဘူးတဲ့၊ ဆရာမလည်း ဝန်ထမ်းပါ၊ ဆရာမအမျိုးသားက အထဲမှာတဲ့အစာငတ်ခံ ဆန္ဒပြနေလို့တဲ့ ကျနော်တို့ တွေ့ခွင့်ပေးလို့ မရပါဘူးတဲ့၊ အဲ့ဒါနဲ့ ကျမ ပြန်လာရတာပါ"

မန္တလေးအောင်မြေသာစံမြို့နယ် တရားရုံးမှာ သောကြာနေ့က ရုံးထုတ်ချိန်မှာ တရားလိုလုပ်တဲ့ ရဲမှူးတရားရုံး ရောက်မလာတဲ့အတွက် ဦးဇော်ဝင်းက ချက်ချင်းခေါ်ပေးဖို့ တောင်းဆိုပါတယ်။ တရားလိုရုံးရှေ့ရောက်မလာရင် သူ့ကိုအာမခံပေးရမယ်လို့ပြောပြီး ဒီအချက်တွေ မရရင် တရားစီရင်ရေးစနစ်ကို အယုံအကြည်မရှိပဲ မရမချင်းအစာငတ်ခံမယ်လို့ ပြောပါတယ်။

တရားသူကြီးက ၄၅ လောက်အချိန်ယူပြီး သူ့ကိုစွဲထားတဲ့ အမှုတွေထဲက ပုဒ်မ ၁၈ အတွက် အာမခံ ပေးပါတယ် ဒါပေမဲ့ ပြင်ဦးလွင်မှာ ရဲချုပ်ရောက်နေလို့ တရားခွင်ကို ရောက်မလာနိုင်တဲ့ တရားလို ရဲမှူးကို မစစ်ရသေးတဲ့အတွက် ပုဒ်မ ၅ဝ၅ (ခ) အတွက် အာမခံမပေးဘဲ အိုးဘိုထောင်ကို ပြန်ပို့လိုက်တဲ့ အမှုဖြစ်ပါတယ်။

ဦးဇော်ဝင်းကို မနှစ်က သြဂုတ်လကစပြီး အာမခံမပေးပဲ ဖမ်းဆီးထားတာပါ။ သူ့မှာအသည်းနဲ့ ဆီးအိမ်ကျောက်တည်တဲ့ ရောဂါရှိတယ်လို့ ဒေါ်စံကြည်သာက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။