ကလေးမြို့မှာ တရုတ်ဆန့်ကျင်ရေး ဆန္ဒပြ
2024.12.10
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်တစ်နေရာမှာ ဒီဇင်ဘာလ ၉ ရက်နေ့ မနက်က တရုတ်နိုင်ငံအလံကိုမီးရှို့ပြီး တရုတ်အစိုးရဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုလုပ်တယ်လို့ ကလေးမြို့မှာ နေထိုင်သူတွေက RFA ကို ဒီဇင်ဘာလ ၁၀ ရက်နေ့က ပြောပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဆန္ဒပြပွဲမှာပါဝင်တဲ့ ကလေးမြို့ဒေသခံတစ်ဦးကတော့ မြန်မာ့အရေးမှာ တရုတ်နိုင်ငံက ဝင်ရောက်စွက်ဖက်နေတာကို ကန့်ကွက်တဲ့အနေနဲ့ အခုလို ဆန္ဒပြတာလို့ RFA ကို ပြောပါတယ်။
"တရုတ်အစိုးရက မြန်မာပြည်သူတွေကို နှိပ်စက်ညှဉ်းပန်းသတ်ဖြတ်နေတဲ့ စစ်ကောင်စီကို ပေါ်ပေါ်တင်တင် ထောက်ပံ့နေတာပေါ့။ မြန်မာပြည်တွင်းရေးကို သိသိသာသာပြီး ပေါ်ပေါ်တင်တင်ကြီး ဝင်ရောက်စွက်ဖက်နေတာကို ဒါကို ကန့်ကွက်ရှုတ်ချတဲ့အနေနဲ့ လုပ်တာပေါ့"
ကလေးမြို့ပေါ်မှာ စစ်ကောင်စီတပ်က လုံခြုံရေးတင်းကျပ်ထားပြီး ကင်းလှည့်နေတဲ့ကြားက အခုလို ဆန္ဒပြလှုပ်ရှားမှု လုပ်ခဲ့ကြတာလို့လည်း ဒေသခံတွေကပြောပါတယ်။
ဒီလှုပ်ရှားမှုမှာ ပါဝင်လှုပ်ရှားခဲ့ကြသူတွေက လုံခြုံရေးအခြေအနေအရ အသေးစိတ်ကို ဖြေကြားဖို့ ငြင်းဆိုကြပါတယ်။
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ကို ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖြစ်နေတဲ့ တိုက်ပွဲတွေ ရပ်တန့်ဖို့အတွက် ဖိအားပေး ခြိမ်းခြောက်တာနဲ့ပတ်သက်လို့ ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက ရန်ကုန်မြို့မှာ တရုတ်ဆန့်ကျင်ရေး ဆန္ဒပြမှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။
နိုင်ငံတစ်ဝန်း မြို့၊ ရွာနဲ့ စစ်စခန်းတွေ လက်လွှတ်ဆုံးရှုံးထားရတဲ့ စစ်ကောင်စီကို အခုနောက်ပိုင်း တရုတ်က သိသိသာသာ ပံ့ပိုးကူညီနေတဲ့အပေါ် ဒီမိုကရေစီအရေးလှုပ်ရှားသူတွေနဲ့ တော်လှန်ရေးအင်အားစုတွေက ဝေဖန်ထောက်ပြမှုတွေလည်း ရှိနေပါတယ်။
တရုတ်အစိုးရကတော့ မြန်မာပြည်မြောက်ပိုင်းမှာဖြစ်နေတဲ့ ပဋိပက္ခတွေကို ဆွေးနွေးကြဖို့နဲ့ အပစ်အခတ်ရပ်စဲဖို့ ကူညီဆောင်ရွက်ပေးနေပြီး မြန်မာနိုင်ငံတည်ငြိမ်မှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုကို အားပေးထောက်ခံတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးရဲ့ ဩဂုတ်လ ၃၁ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။