ဇန်နဝါရီလ ၁၆ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ မြောက်ဦးဖြစ်စဉ်ကို ကန့်ကွက်ကြောင်းနဲ့ စစ်တွေ အကျဉ်းထောင်မှာ ထိန်းသိမ်းထားတဲ့ ဒေါက်တာအေးမောင်နဲ့ စာရေးဆရာ ဝေဟင်အောင်တို့ကို ပြန်လွှတ်ပေးဖို့ ဒီနေ့ ရခိုင်ပြည်နယ်၊ မာန်အောင်မြို့က ဒေသခံ ၁၅၀ နီးပါးက ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
အမျိုးသား ပြန်လည်သင့်မြတ်ရေး ဆောင်ရွက်နေတဲ့ လက်ရှိအချိန်ကာလမှာ တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို ထိခိုက်စေတဲ့ လုပ်ရပ်မျိုး မဖြစ်သင့်တာကြောင့် ဆန္ဒထုတ်ဖော်ရတာဖြစ်တယ်လို့ ဆန္ဒပြပွဲကို ဦးဆောင်တဲ့ ဦးသန်းနိုင် ကပြောပါတယ်။
"တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို ထိခိုက်နိုင်တဲ့ အပြုအမူမျိုးပေါ့။ အဲဒါတွေ မဖြစ်သင့်ဘူး။ ဒီလိုအချိန် ကာလမျိုးမှာ။ တစ်စုံတခုဖြစ်ခဲ့တောင် ဒီအချိန်မှာ စိတ်ရှည်သည်းခံပြီး အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ဦးတည်ပြီးတော့ တချို့ဟာတွေကို ဥပေက္ခာပြုပြီးတော့ သွားမယ်ဆိုတဲ့ ကျနော်တို့က ခံစားချက်ရှိတယ်။ သူတို့က အင်အား ရှိတယ်ဆိုပြီး လုပ်တယ်ဆိုတာမျိုး ခံစားချက်ရှိတယ်။ အဲဒါကြောင့် ဒီဆန္ဒပြပွဲကို စီစဉ်ရတာပါ"
ဆန္ဒပြပွဲ ဦးဆောင်သူတွေဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၆ ရက်နေ့က မြောက်ဦးမြို့မှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်ဟာ လူ့အခွင့်အရေး ချိုးဖောက်ခံရတဲ့ အခြေအနေဖြစ်ကြောင်း၊ ရခိုင် တိုင်းရင်းသားခေါင်းဆောင်ဖြစ်တဲ့ ဒေါက်တာ အေးမောင်နဲ့ ပရဟိတလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ စာရေးဆရာ ဦးဝေဟင်အောင်တို့ ဖမ်းဆီးခံထားရတာဟာ မဖြစ်သင့်ကြောင်း အစရှိတဲ့ အကြောင်းအရာတွေကို မာန်အောင်မြို့ အနောက်စုရပ်ကွက်အတွင်းက မြေကွက်လပ်မှာ ဟောပြောခဲ့ပါတယ်။
အဲဒီနောက် ဗန္ဓုလလမ်း၊ ဗိုလ်ချုပ်လမ်းတွေကနေ မြို့တပတ်လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၆ ရက်နေ့ ညက မြောက်ဦးမြို့ နန်းတော်ရာကုန်းမှာ ၂၃၃ နှစ်မြောက် ရခိုင့်နိုင်ငံတော် အချုပ်အခြာအာဏာ ကျဆုံးခြင်း အောက်မေ့ဖွယ်အခမ်းအနား ကျင်းပခွင့်ကို အာဏာပိုင်တွေက ပိတ်ပင်လိုက်တာနဲ့ ပတ်သက်ပြီး ကန့်ကွက်ဆန္ဒပြသူတွေကို ရဲက သေနတ်နဲ့ ပတ်ခတ်ခဲ့တာကြောင့် လူ ၇ ဦးသေဆုံး ပြီး ၁၂ ဦး ဒဏ်ရာရခဲ့တာ ဖြစ်ပါတယ်။