သတင်းလွတ်လပ်ခွင့်ရရှိရေးနဲ့ မတရား ဖမ်းဆီးခံရတဲ့ သတင်းသမားတွေ ပြန်လည်လွတ်မြောက်ရေးအတွက် စစ်ကိုင်းမြို့ အခြေစိုက်တဲ့ သတင်းထောက် ၁၀ ဦးလောက်က ဒီကနေ့ စစ်ကိုင်းမြို့တော်ခန်းမရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။
သတင်းသမားတွေကို အရေးယူမှုတွေ ဆက်တိုက်ဖြစ်ပေါ်လာမှာကို အလိုမရှိဘူးလို့ ဆန္ဒပြ သတင်းမီဒီယာ သမားတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၉ ရက်နေ့က ရန်ကုန်တိုင်း အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူးက Eleven မီဒီယာက သတင်းသမား ၃ ဦးကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့ တရားစွဲ ဆိုခဲ့ပါတယ်။ အဲဒီအမှု အပါအဝင် အခုလက်ရှိ NLD အစိုးရလက်ထက်မှာ တရားစွဲဆိုခံထားရတဲ့ သတင်းထောက် အယောက် ၄၀ ကျော်ရှိပါတယ်။