နေပြည်တော်ကောင်စီနယ်မြေ သပြေကုန်းမှာရှိတဲ့ Wisdom Hill ပုဂ္ဂလိက မူကြိုကျောင်းက အသက် ၃ နှစ်မပြည့်သေးတဲ့ Victoria ကျောင်းသူ ကလေးငယ် လိင်အကြမ်းဖက်ခံရတဲ့အမှုအတွက် တရားမျှတမှန်ကန်စွာ ကိုင်တွယ်ပေးဖို့ နိုင်ငံတော် သမ္မတကို တောင်းဆိုတဲ့ ဆန္ဒပြပွဲကို ပျဉ်းမနားမြို့မှာ လူဦးရေ ၅၀ ခန့်နဲ့ ဒီနေ့ ပြုလုပ်ခဲ့ပါတယ်။
Victoria အမှုမှာ လက်ရှိဆောင်ရွက်နေတဲ့ တရားစီရင်ရေးလမ်းကြောင်းက အားနည်းချက်တွေရှိတယ်လို့ ယူဆတဲ့အတွက် နိုင်ငံတော် သမ္မတကို တိုက်ရိုက်တောင်းဆိုတာဖြစ်ကြောင်း ဆန္ဒပြပွဲ ဦးဆောင်သူတွေက ပြောပါတယ်။
ဥပဒေအားနည်းချက်တွေကို ဖော်ထုတ်ပြီး တရားမျှတတဲ့ ဥပဒေ ဖော်ဆောင်ပေးဖို့နဲ့ သက်ငယ်မုဒိမ်းမှုကို တရားမှန်ကန်စွာနဲ့ ကိုင်တွယ်ဆောင်ရွက်ပေးဖို့ သမ္မတကို အကူအညီတောင်းခံကြောင်း ကြွေးကြော်သံတွေနဲ့ ပျဉ်းမနားမြို့ အောင်မင်္ဂလာ ကားကွင်းဟောင်းကနေ ကျောက်တိုင်ရှေ့အထိ လမ်းလျှောက်ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။
နေပြည်တော် ဒက္ခိဏခရိုင်တရားရုံးမှာ Victoria အမှုကို စစ်ဆေးနေတာ ရုံးချိန်း ၃ ခုမြောက်ရှိခဲ့ပြီဖြစ်ပြီး နောက်ရုံးချိန်းမှာ Victoria ရဲ့ ဖခင်နဲ့ အဖွားဖြစ်သူကို စစ်ဆေးမှာဖြစ်ပါတယ်။
(RFA သတင်းထောက် ကိုသီဟထွန်းနဲ့ ကိုဝင်းကိုကိုလတ်တို့ ပေးပို့သည်)