ရန်ကုန်မြို့ တာမွေမြို့နယ် မြန်မာ့ဂုဏ်ရောင် ရပ်ကွက်မှာ အရင်ကနေထိုင်ခဲ့သူ လူပေါင်း ၅၀၀ ကျော်လောက်က အဲဒီရပ်ကွက်မှာ ဆောက် လုပ်ထားတဲ့ မြန်မာ့ဂုဏ်ရောင်အိမ်ရာပိုင်ရှင် ဝါဝါ၀င်းကုမ္ပဏီကို နစ်နာကြေးပေးဖို့ ဒီနေ့စတင်ပြီး သပိတ်စခန်းဖွင့် ဆန္ဒပြတောင်းဆိုနေကြပါတယ်။
ဝါဝါဝင်းကုမ္ပဏီက ဖြေရှင်းပေးတာကို လိုချင်ကြောင်း နဲ့ မြေယာသိမ်းခံခဲ့ရတာနဲ့ ပတ်သက်ပြီး ဆန္ဒပြသူတစ်ဦးဖြစ်တဲ့ ဒေါ်မြင့်ကြည်က အခုလိုပြောပါတယ်။
“ကျမတို့ရပ်ကွက်ဖျက်တုန်းက စစ်တန်း လျားတွေဆောက်မယ်၊ ရေတပ်တန်း လျားတွေ ဆောက်မယ်ဆိုပြီး ကျမတို့ကိုဖျက်ခိုင်းတယ်၊ ကျမတို့က ဖျက်ပေးခဲ့တယ်၊ လိုက်ကြည့်တော့ ဝါဝါဝင်းကုမ္ပဏီက သူ့ကိုယ်ကျိုးအတွက် ကွန်ဒိုတွေ၊ တိုက်ခန်းတွေ ရောင်းစားတယ်၊ ရောင်းစားတဲ့ အတွက် ကျမတို့က မကျေနပ်လို့ ရသင့်ရထိုက်တဲ့ တန်ကြေးကိုလိုချင်လို့ ကျမတို့ကထုတ်ဖော်တာ၊ ကျမတို့က ဘာမှတိုက်တွန်းစရာလဲ မလိုဘူး၊ တိုက်ခိုက်စရာလည်း မလိုဘူး၊ ကျမတို့လိုချင်တာ ကုမ္ပဏီ၊ သူ့ဖက်က အဖြေ ကျမတို့နဲ့ ညှိနှိုင်းမယ်ဆိုရင် ကျမတို့ပြန်သိမ်းမယ်”
အိမ်ရာဆောက်လုပ်ထားတဲ့ မြေနေရာဟာ လွန်ခဲ့တဲ့ ၁၉၉၄ ခုနှစ်က ရေတပ်စစ်တန်းလျား ဆောက်လုပ်ဖို့ဆိုပြီး သိမ်းယူခဲ့တဲ့မြေနေရာဖြစ်ပြီး စစ်တန်းလျားမဆောက်ဘဲ နောက်ပိုင်းမှာ မြန်မာ့ဂုဏ်ရောင်အိမ်ရာ ကို ဆောက်လုပ်ခဲ့တာလို့ ဆန္ဒပြသူတွေကပြောပါတယ်။
ဆန္ဒပြသူတွေ အစိုးရထံတင်ပြတဲ့စာထဲမှာ သူတို့ဟာ ငွေကြေးချမ်းသာသူတွေနဲ့ တာဝန်ရှိသူတွေက ပူးပေါင်းလိမ်လည်တာကို ခံလိုက်ရတာဖြစ်ကြောင်းလည်း ပါရှိပါတယ်။
စစ်တန်းလျားဆောက်ဖို့ မြေသိမ်းစဉ်က အိမ်ခြေ ၅၀၀ ကျော်၊ လူဦးရေ နှစ်ထောင်နီးပါးလောက် အဲဒီရပ်ကွက်မှာ နေထိုင်ခဲ့တယ်လို့ သိရပါတယ်။ သူတို့အားလုံးဟာ လျော်ကြေးမရခဲ့ဘဲ ဒဂုံဆိပ်ကမ်းမြို့နယ်မှာ မြေကွက်တွေပြန်ဝယ်ပြီး နေထိုင်ခဲ့ရတယ်လို့ သိရပါတယ်။
အခု ဆန္ဒပြတာဟာ အစိုးရကို ပြတာမဟုတ်ဘဲ အဲဒီမြေနေရာမှာ မြန်မာ့ဂုဏ်ရောင်အိမ်ရာ ဆောက်လုပ်ခဲ့တဲ့ ဝါဝါ၀င်းကုမ္ပဏီထံက နစ်နာကြေးရလိုတာကြောင့်လို့ သပိတ်စခန်းဖွင့် ဆန္ဒပြကြတာဖြစ်ကြောင်း ဆန္ဒပြကြသူတွေ က ပြောပါတယ်။ ပြောင်းရွှေ့ခံရသူတွေဟာ မြန်မာ့ဂုဏ်ရောင်ရပ်ကွက်မှာ ၁၉၉၄ ခုနှစ် မတိုင်ခင် နှစ်ပေါင်း ၃၀ လောက် နေထိုင်ခဲ့ကြသူတွေဖြစ်ပါတယ်။
တကယ်လို့ ဝါဝါ၀င်းကုမ္ပဏီက သူတို့တောင်းဆိုတဲ့ နစ်နာကြေးကိုမပေးရင် ဆက်လက်ဆန္ဒပြသွားမယ်လို့လည်း သိရပါတယ်။
ဒီအတောအတွင်း မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် တံငါရွာမှာ ၁၉၈၆ ခုနှစ်မှာ သမဝါယမဝန်ကြီးဌာနက သိမ်းယူထားတဲ့ လယ်မြေဧက ၆၀၀ ကျော် ပြန်ရရှိရေးအတွက် တောင်သူလယ်သမား ၁၀၀ လောက်က စုရုံးကြပြီး ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။