လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်းတွေကို အကြမ်းဖက်ဖြိုခွင်းခဲ့တဲ့ တရားခံတွေကို အမြန်ဆုံးဖော်ထုတ် အရေးယူပေးဖို့ တောင်းဆိုတဲ့ဆန္ဒပြပွဲကို ဒီကနေ့ ညနေပိုင်းက ရန်ကုန်မြို့လယ်က မြို့တော်ခန်းမရှေ့မှာ နှစ်နာရီကြာပြုလုပ်ခဲ့ပါတယ်။
ဒီဆန္ဒထုတ်ဖော်ပွဲဟာ တစ်ဦးတစ်ယောက်ချင်းစီရဲ့ ဆန္ဒတွေကို စုပေါင်းဖော်ပြတာဖြစ်ပြီး လက်ပံတောင်းတောင် ဖြိုးခွင်းခံရမှု ၄ လပြည့်တဲ့ အထိမ်းအမှတ်အဖြစ်နဲ့ အာဏာပိုင်တွေရဲ့ ခွင့်ပြုချက်နဲ့ တရားဝင်ဆန္ဒပြခဲ့တာ ဖြစ်ပါတယ်။
ဒီဆန္ဒထုတ်ဖော်ပွဲကို လက်ပံတောင်းတောင် အရေးအခင်းမှာ ကြုံတွေ့ခဲ့ရတဲ့ သံဃာတော် ဦးဓမ္မသာရ အပါအဝင် အခြားဆရာတော်တွေနဲ့ အဖွဲ့အစည်းပေါင်းစုံက လူဦးရေ ၃၀ ကျော် ပါဝင်ခဲ့ပါတယ်။
ဒီအတောအတွင်းမှာပဲ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာ အကြမ်းဖက် ဖြိုခွင်းခံခဲ့ရပြီး ဒဏ်ရာပြင်းပြင်းထန်ထန်ရခဲ့တဲ့ ဆရာတော်ဦးတိက္ခဉာဏဟာ ဒဏ်ရာတွေ မပျောက်ကင်းသေးတဲ့အတွက် စစ်ကိုင်းတိုင်း သီတဂူဆေးရုံမှာ ဆက်လက်ကုသမှုခံယူရဦးမယ်လို့ သားဖြစ်သူ ဒေါက်တာ နေသူရိန်က ပြောပါတယ်။
ထိုင်းနိုင်ငံမှာ ရက်ပေါင်းတစ်ရာနီးပါး ဆေးကုသမှု ခံရခဲ့ရာကနေ မတ်လ ၂၆ ရက်နေ့က မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိနေပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေပြားကုသဆောင်မှာ ဆေးကုသမှု ခံယူနေရာကနေ မသက်သာတဲ့အတွက် သီတဂူဆေးရုံမှာ နောက်ထပ်လနဲ့ချီပြီး ကုသဖို့လိုအပ်နေသေးလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၂၉ ရက်နေ့က လက်ပန်းတောင် ကြေးနီစီမံကိန်းကို သပိတ်စခန်းဖွင့်ပြီး ဆန္ဒပြကြတဲ့ သံဃာတွေနဲ့ ဒေသခံတွေကို လုံခြုံရေးတပ်ဖွဲ့တွေက ဖြိုခွင်းခဲ့ရာမှာ သံဃာအတော်များများ မီးလောင်ဒဏ်ရာရခဲ့ပါတယ်။
အဲဒီအထဲမှာ ဆရာတော် ဦးတိက္ခဉာဏဟာ လက်ပံတောင်းတောင် ဒဏ်ရာအပြင်းထန်ဆုံး ခံစားခဲ့ရတဲ့ဆရာတော် ဖြစ်ပါတယ်။
ဒီနေ့မှာပဲ မုံရွာခရိုင်၊ လက်ပံတောင်းတောင်ဒေသက ဒေသခံပြည်သူတွေဟာ ဆည်တဲရွာထိပ်မှာ ဆိုင်းဘုတ်တင်ပွဲနဲ့ ကြေးနီစီမံကိန်း ဖျက်သိမ်းရေးသဘောတူ လက်မှတ်ထိုးပွဲ ပြုလုပ်ခဲ့ပါတယ်။
ဆိုင်းဘုတ်တင်ပွဲကို သက်ဆိုင်ရာ အာဏာပိုင်တွေကို အကြောင်းကြားပြီးမှ ဒီကနေ့ နေ့လည် ၂ နာရီမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ဇီးတောရွာ၊ ကျောက်ဆည်ဒိုင်နဲ့ လယ်တီရွာစတဲ့ နေရာတွေက ဒေသခံ ၂၀၀ လောက် တက်ရောက်ခဲ့ကြပါတယ်။
ဆရာတော် ဦးတိက္ခဉာဏရဲ့ အခြေအနေကို RFA သတင်းထောက် ကိုကျော်သူ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။