ပုလောမှာ လက်နက်ကြီးကျည်မှန်ပြီး အမျိုးသားတစ်ဦး သေဆုံး

တနင်္သာရီတိုင်း မြိတ်ခရိုင်၊ ပုလောမြို့နယ် နန်းတောင်ကျေးရွာအုပ်စု ပိန္နဲတောင်ရွာထဲကို ဇူလိုင်လ ၁၉ ရက် ဒီကနေ့ မနက်အစောပိုင်းက လက်နက်ကြီးကျည်သုံးလုံး ကျရောက် ပေါက်ကွဲခဲ့လို့ အသက် ၂၀ အရွယ် ကိုဇင်ဝိုင်း သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

လက်နက်ကြီးကျည်ထိမှန်တဲ့ ကိုဇင်ဝိုင်းရဲ့ ခန္ဓာကိုယ်ဟာ ဆိုးဆိုးဝါးဝါး ပျက်စီးသွားတယ် လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"မနက်ပိုင်း၂ နာရီလောက်ကပေါ့။ လက်နက်ကြီး သုံးလုံးလောက်ကျတယ်။ အဲဒီ မှန်သွားတဲ့ ကောင်လေးက မောင်ဇင်ဝိုင်းတဲ့။ အသက် ၂၀ ပဲ ရှိသေးတယ်။ လူတောင် ကြေမွသွားတယ်။ တော်တော်ဆိုးတယ်။ ကျန်တဲ့လူတွေက ဘာမှမဖြစ်ဘူး"

ဒီလက်နက်ကြီးကို ပုလော အခြေစိုက် အမှတ် ၂၈၅ တပ်ရင်းကနေ ပစ်ခတ်လိုက်တာ ဖြစ်တယ်လို့ ဒေသ အခြေစိုက် Dawei Information Center ရဲ့ လူမှုကွန်ရက် စာမျက်နှာ မှာ ဖော်ပြထားပါတယ်။

ပုလောမြို့နယ်အတွင်း ဒေသခံကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေအကြား မကြာခဏတိုက်ပွဲဖြစ်လေ့ရှိပေမယ့် ဒီကနေ့မနက် နန်းတောင်ရွာအနီး တိုက်ပွဲဖြစ်ပွား တာမရှိဘဲ စစ်တပ်ဘက်က အကြောင်းမဲ့ ပစ်ခတ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

ဒီပြောဆိုချက်တွေနဲ့ ပတ်သက်လို့ စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်း ကို မေးမြန်းဖို့ RFA က ဖုန်းနဲ့ အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိ သေးပါဘူး။

သုတေသနအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Southern Monitor ရဲ့ အချက်အလက်တွေအရ ၂၀၂၁ ခုနှစ်၊ ဇွန်လကနေ ၂၀၂၂ ခုနှစ်၊ ဇွန်လအထိ တနင်္သာရီတိုင်းအတွင်း အကြမ်းဖက် ပဋိပက္ခဖြစ်စဉ်ပေါင်း ၄၀၉ ကြိမ်ဖြစ်ပွားခဲ့ပြီး တိုက်ပွဲဖြစ်စဉ် ၁၁၆ ကြိမ်၊ လုပ်ကြံသတ်ဖြတ် မှုနဲ့ အရပ်သား သေဆုံးမှု ၁၇၄ ကြိမ် ရှိခဲ့ပါတယ်။