ပူတာအိုက စစ်ဘေးဒုက္ခသည် တစ်ထောင်ကျော် အကူအညီလိုအပ်နေ

RFA Burmese
2024.10.28
ပူတာအိုက စစ်ဘေးဒုက္ခသည် တစ်ထောင်ကျော် အကူအညီလိုအပ်နေ ပူတာအိုမြို့နယ် စစ်ဘေးဒုက္ခသည်များအား ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလအတွင်းက တွေ့ရစဥ်။
Citizen Photo

ကချင်ပြည်နယ် ပူတာအိုမြို့နယ်မှာ တိုက်ပွဲတွေကြောင့် လနဲ့ချီကြာအောင် စစ်ဘေးတိမ်းရှောင်နေရတဲ့ ဒေသခံတစ်ထောင်ကျော်အတွက် စားနပ်ရိက္ခာနဲ့ ဆေးဝါးအကူအညီတွေ အရေးပေါ် လိုအပ်နေတယ်လို့ စစ်ဘေးဒုက္ခသည်စခန်း တာဝန်ရှိသူတွေက အောက်တိုဘာ ၂၈ ရက် ဒီနေ့မှာ ပြောပါတယ်။

ဆွမ်ပီယန်၊ ဝဒတ်နဲ့ အင်စီယန်ရွာတွေက ဒေသခံတွေဟာ တိုက်ပွဲတွေဖြစ်ပွားတဲ့ မေလကတည်းက ထွက်ပြေးတိမ်းရှောင်နေရပြီး ဒီနေ့အထိ နေရပ်မပြန်နိုင်သေးဘဲ စစ်ဘေးဒုက္ခသည်စခန်းမှာ ယာယီ တဲတွေထိုးပြီး နေထိုင်နေကြတာပါ။

တိမ်းရှောင်နေရတာ ငါးလကျော်ကြာနေပြီဖြစ်တဲ့အတွက် ဆေးဝါးနဲ့ စားနပ်ရိက္ခာတွေ ပြတ်လပ်လာတာလို့ ဒုက္ခသည်စခန်း တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

“အစကတော့ ခဏပဲဆိုပြီး ထွက်လာတာ၊ အခုက ငါးလကျော်သွားပြီ။ အခုက ဆောင်းတွင်း ဝင်လာတော့ တအားအေးနေပြီ။ စောင်တွေမရှိဘဲ ဒီအတိုင်းနေနေကြတော့ အခုဖျားနာတာတွေ အရမ်းများနေတယ်။ ဆေးဝါးတွေလည်း မရှိဘူး။ အစားအသောက်ဘက်ကလည်း စားစရာ ဆန်တွေလည်း မရှိတော့ဘူး။ နေတဲ့အဆောင် တဲတွေက မိုးကာတွေက အကုန်ပေါက်နေပြီး မိုးယိုနေတဲ့အခြေအနေ ဖြစ်နေတယ်”

ဆောင်းရာသီ အကူးအပြောင်းကာလမှာ ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေလည်း ဖျားနာတာတွေ ကြုံနေရတာကြောင့် အခြေခံဆေးဝါးတွေ လိုအပ်နေတာလို့ သူက ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

မြစ်ကြီးနား-ပူတာအို လမ်းပေါ်က ဆွမ်ပရာဘွမ်မြို့ကို မေ ၅ ရက်နေ့မှာ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က သိမ်းယူလိုက်ပြီးနောက် ပူတာအိုအခြေစိုက် စစ်ကောင်စီတပ်က ပူတာအို-ဆွမ်ပရာဘွမ် လမ်းပေါ်က ရွာတချို့ကို မကြာခဏ စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံတွေ ထွက်ပြေးနေရတာလို့ ဆိုပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ စာရင်းတွေအရ တစ်နိုင်ငံလုံးမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည် သုံးသန်းခန့် ရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။