လွှတ်တော်အထူးအစည်းအဝေးခေါ်ယူဖို့ မရှိကြောင်း ပြည်ထောင်စုလွှတ်တော်ရုံး ထုတ်ပြန်

စောဖိုးခွား
2021.01.12
လွှတ်တော်အထူးအစည်းအဝေးခေါ်ယူဖို့ မရှိကြောင်း ပြည်ထောင်စုလွှတ်တော်ရုံး ထုတ်ပြန် နေပြည်တော်မှာ ၂၀၂၀ မေ ၁၈ ရက်နေ့က တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေ လွှတ်တော်လာတက်စဉ်
Photo: Thiha Tun/RFA

တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေ အပါအဝင် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ ပါတီတချို့က ကိုယ်စား လှယ်တွေ တောင်းဆိုထားသလို လွှတ်တော်အထူးအစည်းအဝေးတစ်ရပ် ခေါ်ယူပေးဖို့ အစီအစဉ်မရှိဘူးလို့ ပြည်ထောင်စုလွှတ်တော်က ဒီကနေ့ ထုတ်ပြန်ပါတယ်။

လာမယ့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ပြန်စမယ့် လွှတ်တော်သစ်မတိုင်ခင် အထူးအစည်းအဝေးတစ်ရပ် ခေါ်ပေးဖို့ စုစုပေါင်းလွှတ်တော်ကိုယ်စားလှယ် ၂၀၃ ယောက် စုပေါင်းပြီး ပြည်ထောင်စုလွှတ်တော်နာယက ဆီကို မနေ့က တင်ပြတောင်းဆိုခဲ့တာပါ။

လွှတ်တော်သစ်ပြန်စဖို့ ရက်ပေါင်း ၂၀ ပဲ လိုတော့တာဖြစ်တာကြောင့် ဒီကာလမှာ အထူးအစည်းအဝေးခေါ်ဖို့ မဖြစ်နိုင်ဘူးလို့ ပြည်ထောင်စုလွှတ်တော်ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်

ဒီအထူးအစည်းအဝေးမှာ နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပပြီးစီးခဲ့တဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ကိစ္စတွေကို တင်ပြဆွေးနွေးနိုင်ဖို့ ကြံခိုင်ဖွံ့ဖြိုးရေးပါတီ လွှတ်တော်ကိုယ်စားလှယ်တွေက ပြင်ဆင်ထားကြတာပါ။

ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်အားလုံးမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ အဆုံးအဖြတ်ဟာ အတည်ဖြစ်ပြီး လွှတ်တော်မှာ ဆွေးနွေးရမယ့်ကိစ္စရပ်တွေ မဟုတ်ဘူးလို့လည်း ပြည်ထောင်စုလွှတ်တော်ရဲ့ ထုတ်ပြန်ချက်မှာ ရှင်းလင်းထားပါတယ်။

အထူးအစည်းအဝေး ခေါ်ယူဖို့ တောင်းဆိုသူတွေထဲမှာ လက်ရှိလွှတ်တော်ထဲမှာ နေရာယူထားတဲ့ တပ်မတော် သား လွှတ်တော်ကိုယ်စားလှယ်အယောက် ၁၆၀၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ် ၃၆ ယောက်၊ ရခိုင် အမျိုးသားပါတီ လေးယောက်၊ အမျိုးသားညီညွှတ်သောဒီမိုကရက်တစ်ပါတီ တစ်ယောက်နဲ့ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ် နှစ်ယောက်တို့ ပါဝင်ပါတယ်။

နိုဝင်ဘာလ ၈ ရက်နေ့က ရွေးကောက်တင်မြောက်ခံခဲ့ရတဲ့ လွှတ်တော်ကိုယ်စားလှယ်သစ်တွေ ပါဝင်တဲ့ တတိယအကြိမ် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးသစ်ကို လာမယ့် ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ စတင်မယ်လို့ ကြေညာထားပါတယ်။

ဒီတစ်ကြိမ် ပြည်ထောင်စုလွှတ်တော်မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ၃၉၆ ယောက်နဲ့ အများဆုံးနေရာ ရထားပြီး၊ တပ်မတော်သားကိုယ်စားလှယ် ၁၆၆ ယောက်၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ၃၃ ယောက်နဲ့ ရှမ်းတိုင်း ရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ရခိုင်အမျိုးသားပါတီနဲ့ တခြားတိုင်းရင်းသားပါတီတွေက ကိုယ်စားလှယ် တချို့ ပါဝင်မှာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။