ပြင်ဦးလွင်မြို့အနီးက မြေလွတ်မြေရိုင်းတွေကို ကော်ဖီနဲ့နှစ်ရှည်ပင်တွေ စိုက်ပျိုးဖို့အတွက်ဆိုပြီး အစိုးရက စီးပွားရေးလုပ်ငန်းရှင်တွေကို ချထားပေးခဲ့ပေမဲ့ အမှန်တကယ် အကောင်အထည်ဖော်ဆောင်မှုမရှိဘဲ အကွက်ရိုက်ရောင်းချတွေလုပ်နေတယ်လို့ ပြင်ဦးလွင်မြို့က မြေသိမ်းခံတောင်သူတွေက သတင်းစာရှင်းလင်းပွဲ မှာ ပြောပါတယ်။
မြေသိမ်းခံတောင်သူ ၂၀ ခန့်စုပေါင်းပြီး မန္တလေးမြို့က မီဒီယာစင်တာမှာ ဒီနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ မှာ မြေသိမ်းခံတောင်သူတစ်ဦးဖြစ်တဲ့ ပြင်ဦးလွင်မြို့နယ် ရေငယ်ကျေးရွာက ဦးထွန်းထွန်းက အခုလို ပြောပါတယ်။
"ကျနော်မြေဆိုရင် ပုဂ္ဂလိကလုပ်ငန်းရှင် တရုတ်လူမျိုးကို မြေတွေကိုချပေးတယ်။ ကော်ဖီနဲ့ နှစ်ရှည်သီးနှံ စိုက်ဖို့ဆိုပြီးချပေးတယ်။ သူသိမ်းထားတာက ရွာခြေကစပြီး မျက်စိတစ်ဆုံးသိမ်းထားတာ။ ဒါတွေကို အကြိမ်ကြိမ်အခါခါ တင်ပြတိုင်ကြားတဲ့အခါကျတော့လည်း မှန်မှန်ကန်ကန်စစ်မပေးဘူး။ သည်ထဲတွေ ကနေပြီး ကွက်စိတ်ရိုက်ပြီး ရောင်းစားထားတယ်။ ကော်ဖီပင်တစ်ပင်မှမရှိဘူး။ ဒါတွေက ဥပဒေနဲ့ ညီသလား။"
အောက်ခြေမှာ မမှန်မကန်ဖြစ်ပျက်နေတာတွေကို အစိုးရ သက်ဆိုင်ရာတာဝန်ရှိသူတွေ သိရှိစေချင်လို့ အခုလိုသတင်းစာရှင်းလင်းပွဲလုပ်ရတာလို့ တောင်သူတွေက ပြောပါတယ်။
ဒီသတင်းစာရှင်းလင်းပွဲကို ပြင်ဦးလွင်မြို့နယ်က သုံးတောင်၊ ရေငယ်၊ မိုးကြိုး၊ ပွေးတောင်၊ ပြင်စာကျေးရွာ စတဲ့ ရွာပေါင်း ၇ ရွာကျော်က မြေသိမ်းခံတောင်သူတွေ စုပေါင်း ပြုလုပ်တာဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ၁၉၉၈ ခုနှစ်ခန့်ကစတင်ပြီး တောင်သူတွေစိုက်ပျိုးနေတဲ့ မြေယာတွေကို မြေလွတ်မြေရိုင်းတွေဆိုကာ အစိုးရက သိမ်းဆည်းခဲ့ရပြီး ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင်တွေကို လွှဲပြောင်းပေးခဲ့တယ်လို့ ဆိုပါတယ်။
သိမ်းဆည်ခံထားရတဲ့ မြေယာတွေကိစ္စအပေါ် ပြန်လည်စိစစ်ပေးဖို့အတွက် သက်ဆိုင်ရာတာဝန်ရှိသူတွေထံကို အကြိမ်ကြိမ်စာပေးပို့ထားပြီးဖြစ်တယ်လို့လည်း ဦးထွန်းထွန်းက ပြောပါတယ်။
