ရခိုင်ပြည်နယ် လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်သမ္မတရဲ့ သီးသန့် ရန်ပုံငွေကနေ ငွေကျပ်သန်း ၃၆၅၀ ကျော် ခွဲဝေသုံးစွဲဖို့ နိုင်ငံတော်သမ္မတရဲ့ သဝဏ်လွှာကို ပြည်ထောင်စု လွှတ်တော်က ဒီကနေ့ အတည်ပြု လိုက်ပါတယ်။
စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ရေလုပ်ငန်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က သမ္မတရဲ့ သီးသန့်ရန်ပုံငွေနဲ့ အကောင်အထည်ဖော်မယ့် စီမံကိန်းတွေဟာ ဒေသရဲ့တည်ငြိမ်အေးချမ်းမှုကိုသာမက ပြည်နယ်စီးပွားဘ၀ ဖွံ့ဖြိုးဖို့အတွက် အထောက်အကူပြုမှာဖြစ်တယ်လို့ လွှတ်တော်မှာ တင်ပြခဲ့ပါတယ်။
"ပြည်နယ်စီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်နိုင်မည် ဖြစ်တဲ့အတွက်ကြောင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ လမ်းတံတားလုပ်ငန်း ၁၈ ခု ဆောင်ရွက်ဖို့အတွက် သမ္မတရဲ့ သီးသန့်ရန်ပုံငွေထဲက ကျပ် ၃၆၅၆.၈၂ သန်း သုံးစွဲခွင့်ပြုရေးအပေါ် ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုပေးနိုင်ရန် လေးစားစွာတင်ပြအပ်ပါသည်"
နိုင်ငံတော်သမ္မတရဲ့ သီးသန့်ရန်ပုံငွေအတွက် သုံးစွဲမယ့်ကိစ္စနဲ့ ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ် ၈ ဦး က ဖေဖော်ဝါရီလ ၈ ရက်က ထောက်ခံအကြံပြုဆွေးနွေးခဲ့ကြပါတယ်။
ဒုတိယဝန်ကြီး ဦးလှကျော် လွှတ်တော်မှာ ရှင်းလင်းတင်ပြပြီးတဲ့နောက် မဲခွဲပြီး လွှတ်တော်ရဲ့ အဆုံးအဖြတ် ရယူရာမှာ ထောက်ခံမဲ ၅၁၀ နဲ့ ကန့်ကွက်မဲ ၃ မဲ ရှိတဲ့အတွက် လွှတ်တော်က အတည်ပြုလိုက်တာဖြစ်ပါတယ်။
ရခိုင်ပြည်နယ်အတွင်းက မြို့နယ် ၁၆ မြို့နယ်မှာ ဒေသဖွံ့ဖြိုးရေး လမ်း၊ တံတားတည်ဆောက်ရေး လုပ်ငန်း ၁၈ ခု အတွက် သမ္မတရဲ့ သီးသန့်ရန်ပုံငွေ ကျပ် သန်း ၃၆၅၀ ကျော် ခွဲဝေသုံးစွဲမှာဖြစ်ပါတယ်။
ရခိုင်ပြည်နယ်မှာ မြို့နယ် ၁၇ မြို့နယ်ရှိတဲ့အထဲက စီမံကိန်းမှာ မပါဝင်တဲ့ ရသေ့တောင် မြို့နယ်အတွက် ကျေးရွာ ၁၃ ရွာချင်းဆက်လမ်းမ ၁ ဒသမ ၅ ဖာလုံကို ကွန်ကရစ်ခင်းတာနဲ့ တံတားတစင်းတည်ဆောက်ပေးဖို့ ဘတ်ဂျက်မှာ ပါရှိပြီးဖြစ်တယ်လို့ ဒုတိယဝန်ကြီး ဦးလှကျော်က ပြောပါတယ်။
ဒါ့အပြင် စီမံကိန်းတွေမှာ အလေအလွင့်မရှိအောင် ဆောင်ရွက်သွားမယ်လို့လည်း ပြောခဲ့ပါတယ်။
၂၀၁၆-၁၇ ဘဏ္ဍာနှစ်အတွက် နိုင်ငံတော်သမ္မရဲ့ သီးသန့်ရန်ပုံငွေ ကျပ် ၁၀၀ ဘီလီယံ ရှိတဲ့အထဲက ၂၀၁၇ ခုနှစ် ဇန်နဝါရီလကုန်ထိ ကျပ် ၅၅ ဘီလီယံကျော်ကို ခွင့်ပြုပြီးဖြစ်တာကြောင့် ကျပ် ၄၄ ဘီလီယံကျော် ကျန်ရှိနေသေးတယ် လို့ သိရပါတယ်။