နောက်ထပ် ကော်မတီ ၃ ခု ပြည်သူ့လွှတ်တော် ဖွဲ့စည်း
2016.02.19
ဒီနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ကျန်းမာရေး အားကစား ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ၊ သယံဇာတ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီနဲ့ ပို့ဆောင်ရေး ဆက်သွယ်ရေး ဆောက် လုပ်ရေးဆိုင်ရာကော်မတီ ၃ ခုကို ကိုယ်စားလှယ် ၁၅ ဦးစီနဲ့ ဖွဲ့စည်းလိုက်ပါတယ်။
ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဌ ဦးတီခွန်မြတ်က ရေးရာကော်မတီ ၃ခု ရဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့်တွေကို လွှတ်တော်မှာ ရှင်းလင်းတင်ပြရာ သယံဇာတ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီအနေနဲ့ သယံဇာတတွေကို စနစ်တကျ ထုတ်ယူသုံးစွဲရေးအတွက် ဆောင်ရွက်ရမှာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
"ကော်မတီသည် သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကူညီဆောင် ရွက်ပေးရမည်၊ သဘာဝသယံဇာတပစ္စည်းများ စနစ်တကျထုတ်ယူသုံးစွဲနိုင်ရေးကို အားပေးကူညီရမည်၊ သယံ ဇာတပစ္စည်းများ ထုတ်လုပ်ရာတွင် ဂေဟစနစ်မပျက်သုံးစေရေးနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မပျက်ယွင်းစေရေး အတွက် စိစစ်ညှိနှိုင်းကူညီဆောင်ရွက်ရမည်၊ သက်ဆိုင်ရာနယ်ပယ်အသီးသီးရှိ ဌာနအဖွဲ့အစည်းများက ကျင့်သုံး လျှက်ရှိသည့် ဥပဒေများကိုလေ့လာ၍ ပယ်ဖျက်ရန် ပြင်ဆင်ရန် အသစ်ပြဌာန်းရန်များ တွေ့ရှိက လွှတ်တော်သို့ တင်ပြရမည်"
သယံဇာတ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာကော်မတီ ဥက္ကဌအဖြစ် မြန်မာနိုင်ငံ မြေငလျင်ကော်မတီမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဦးစိုးသူရထွန်း၊ ကျန်းမာရေး၊ အားကစား ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဌ အဖြစ် ဒေါက်တာစံရွှေဝင်းနဲ့ ပို့ဆောင်ရေး၊ ဆက်သွယ်ရေး၊ ဆောက်လုပ်ရေးဆိုင်ရာကော်မတီ ဥက္ကဌအဖြစ် ဦးတင်မောင်ဝင်းတို့ကို ပြည်သူ့လွှတ်တော်ဥက္ကဌက တာဝန်ပေးအပ်ခဲ့တာဖြစ်ပါတယ်။
လွှတ်တော်ရေးရာကော်မတီ အသီးသီးက ကော်မတီဝင်တွေ လိုက်နာရမယ့် စည်းကမ်းချက်တွေထဲမှာ လွှတ်တော် ကိုယ်စားလှယ်တစ်ဦးဟာ လွှတ်တော်ကဖွဲ့စည်းပေးတဲ့ ကော်မတီ ၂ ခုမှာ အများဆုံး လုပ်ကိုင်ခွင့်ရှိပြီး ကော်မတီဝင် အဖြစ်က နှုတ်ထွက်လိုတဲ့အခါ ခိုင်လုံတဲ့အကြောင်းပြချက်နဲ့ လွှတ်တော် ဥက္ကဌထံ တင်ပြရမယ်လို့ ပါရှိပါတယ်။
ဒါ့အပြင် ကော်မတီ အစည်းအဝေးတွေမှာ ဆွေးနွေးတဲ့အကြောင်းအရာတွေ ပြင်ပကိုသတင်းပေါက် ကြားတာမျိုး မရှိစေရဘူးလို့လည်း တားမြစ်ထားပါတယ်။
ဒီနေ့ကျင်းပတဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးမှာ သတ္တု၊ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာကော်မတီကိုဖွဲ့စည်းခဲ့ပြီး ကော်မတီဥက္ကဌအဖြစ် မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် ၁၂ က ဦးကျော်သီဟကို တာဝန်ပေးအပ်ခဲ့ပါတယ်။