တိုင်းရင်းသားရေးရာကော်မတီ ဖွဲ့စည်းရေး ရခိုင်လွှတ်တော် မှာဆွေးနွေး

ရခိုင်ပြည်နယ်လွှတ်တော်မှာ တိုင်းရင်းသား လူမျိုးများအရေး လေ့လာရေးကော်မတီဖွဲ့စည်းမှာနဲ့ ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ် ၆ဦးက ဒီနေ့ ထောက်ခံဆွေးနွေးကြပါတယ်။

ကော်မတီရဲ့ လုပ်ငန်းတာဝန်တွေထဲမှာ ပြည်နယ်အတွင်း နေထိုင်ကြတဲ့ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးနဲ့ ရပိုင်ခွင့်တွေ အပြည့်အဝခံစားခွင့်ရရှိဖို့အတွက် အလေးထားဆောင်ရွက်ပေးရေး ဆိုတာကို ထည့်သွင်ပေးဖို့ ဘူးသီးတောင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက ဆွေးနွေးခဲ့ပါတယ်။

"မြန်မာနိုင်ငံသည် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ချုပ် အသင်းဝင်နိုင်ငံတစ်နိုင်ငံဖြစ်၍ ကုလသမဂ္ဂဌာနေ တိုင်းရင်းသား လူမျိုးများ အခွင့်အရေးဆိုင်ရာ ကြေညာစာတန်းကို လိုက်နာမည်ဟု လက်မှတ်ရေးထိုးထားသည့်အတွက် ရခိုင်ပြည်နယ်အတွင်း ဌာနေတိုင်းရင်းသားများ၏ အခွင့်အရေးဆိုင်ရာကိစ္စရပ်များကို ရခိုင်ပြည်နယ်လွှတ်တော်မှ တိုင်းရင်းသားများ၏ ခံစားပိုင်ခွင့် အခွင့်အရေးရှိ မရှိကို လေ့လာသုံးသပ် မှတ်တမ်းတင်သင့်ပါသည်"

လွန်ခဲ့တဲ့၂၀၁၂ ခုနှစ်အတွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် စီးပွားရေးအကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတဲ့ တိုင်းရင်းသားတွေရဲ့ လူမှုဘဝအခြေအနေ လေ့လာရေးကို ကော်မတီရဲ့ တာဝန်တစ်ခုအနေနဲ့ ထည့်သွင်းပေးဖို့လည်း ဦးထွန်းအောင်သိန်းက ဆွေးနွေးခဲ့ပါတယ်။

အဲဒီကော်မတီကို ပြည်နယ်လွှတ်တော်မှာ ကိုယ်စားလှယ် ၅ဦးနဲ့ မကြာခင်ဖွ့ဲစည်းသွားမှာဖြစ်ပြီး အရင်ကရှိခဲ့ တဲ့ ကော်မတီရဲ့ လုပ်ငန်းတာဝန်တွေဟာ ပြည်နယ်တွင်း တိုင်းရင်းသားလူမျိုးစုတွေရဲ့ အခက်အခဲတွေနဲ့ ရိုးရာ ယဉ်ကျေးမှု၊ ဘာသာစကား ဖံ့ွဖြိုးတိုးတက်ရေး အခြေအနေတွေကို နှစ်စဉ် ပြည်နယ်လွှတ်တော်ထံ အစီရင်ခံစာ တင်သွင်းရတာဖြစ်ပါတယ်။