မြို့နယ် ခုနစ်မြို့နယ်မှာ မိုးရေချိန် စံချိန်သစ်တင်

RFA Burmese
2024.09.11
မြို့နယ် ခုနစ်မြို့နယ်မှာ မိုးရေချိန် စံချိန်သစ်တင် နေပြည်တော်၊ တပ်ကုန်းမြို့နယ် ကြို့ကုန်းရွာရှိ နေအိမ်များ ရေကြီးနစ်မြုပ်နေသည်ကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့က တွေ့ရစဉ်။
Citizen Photo

မြန်မာနိုင်ငံက မြို့နယ် ခုနစ်မြို့နယ်မှာ စက်တင်ဘာလ ၁၁ ရက်နေ့က မိုးရေချိန် စံချိန်သစ်တွေ တင်ခဲ့တယ်လို့ စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။

သာစည်၊ ရမည်းသင်း၊ ပင်လောင်း၊ ဘားအံ၊ လွိုင်လင်၊ တောင်ကြီးနဲ့ တပ်ကုန်းမြို့နယ်တွေမှာ စက်တင်ဘာလရဲ့ မိုးရေချိန် အမြင့်ဆုံး စံချိန်သစ်တွေ တင်ခဲ့တာပါ။

သာစည်မြို့နယ်ဟာ မိုးရေချိန် ၁၁ ဒဿမ ၈၉ လက်မအထိ ရောက်ရှိခဲ့ပြီး ရမည်းသင်းမြို့နယ်မှာ မိုးရေချိန် ၁၁ ဒဿမ ၂၂ လက်မအထိ ရောက်ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။ အဲဒီနောက် ပင်လောင်းမြို့နယ်က ၈ ဒဿမ ၅၈ လက်မ၊ ဘားအံမြို့နယ်က ၇ ဒဿမ ၃၆ လက်မ၊ လွိုင်လင်မြို့နယ်မှာ ၆ ဒဿမ ၅၀ လက်မ၊ တောင်ကြီးမြို့နယ်မှာ ၆ ဒဿမ ၁၁ လက်မနဲ့ တပ်ကုန်းမြို့နယ်မှာ ၄ ဒဿမ ၂၁ လက်မတွေနဲ့ စံချိန်သစ်တင်ခဲ့တာလို့ ဆိုပါတယ်။

စက်တင်ဘာလ ၁၁ ရက်နေ့ ညပိုင်း စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ နေပြည်တော်၊ မန္တလေး၊ မကွေးတိုင်းနဲ့ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တွေ ဒေသအလိုက် မိုးကြီးနိုင်ပြီး စစ်ကိုင်း၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီတိုင်းနဲ့ ချင်းပြည်နယ်တွေမှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

လက်ရှိ ရာဂီမုန်တိုင်းအရှိန်ကြောင့် နေပြည်တော်၊ မြဝတီမြို့အပြင် ရှမ်းပြည်နယ်က တာချီလိတ်၊ ပန်ဆန်း၊ မိုင်းပေါက်၊ မိုင်းကိုင်၊ ကျိုင်းတုံနဲ့ ကလောမြို့တွေမှာ မိုးကြီးပြီး ဒေသခံတွေ ရေးဘေးဒဏ်ကို ခံစားနေရပါတယ်။ ရေဘေးဒဏ်ခံစားနေရတဲ့သူ အရေအတွက်ကိုတော့ မသိရသေးပါဘူး။

စစ်တောင်း၊ ရွှေကျင်၊ သံလွင်၊ သောင်ရင်း၊ ဘီးလင်းနဲ့ ပဲခူးမြစ်ရေတွေ မြင့်တက်လာနိုင်တာကြောင့် ကရင်၊ ပဲခူးနဲ့ မွန်ပြည်နယ်က မြို့ခုနစ်မြို့မှာ မြစ်ရေကြီး နိုင်တယ်လို့ စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတိပေးထားပါတယ်။

ပြီးခဲ့တဲ့လတွေအတွင်း နိုင်ငံတစ်ဝန်းမှာ ရေကြီးရေလျှံမှုကြောင့် လူဦးရေ လေးသိန်းနီးပါး (၃၉၃,၀၀၀ ခန့်) ရေဘေးသင့်ခဲ့တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) က ဩဂုတ်လ ၁၇ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။