ရခိုင်ပြည်နယ်မှာ အောင်တံခွန် အမှတ်(၃) ရေယာဉ် နစ်မြုပ်မှုမှာ သေဆုံးသူဦးရေဟာ ပြည်နယ်အစိုးရအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာထက် ပိုများနေကြောင်း ရခိုင်ပြည်နယ်လွှတ်တော် စုံစမ်းရေးကော်မရှင် အဖွဲ့ ဝင်တွေက ပြောပါတယ်။
သေဆုံးသူဦးရေဟာ အစိုးရထုတ်ပြန်ထားတာထက် ပို များနေပြီး ကလေးသေဆုံးမှုတွေကို အစိုးရဘက်က တိတိ ကျကျထုတ်ပြန်တာမရှိဘူးလို့ ပေါက်တောနဲ့ မြေပုံ စုံစမ်းရေးအဖွဲ့ခေါင်းဆောင် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဝင်းက ပြောပါတယ်။
"ကျနော်တို့ရှင်းရှင်းပြောရရင် အစိုးရအဖွဲ့ကြေညာ ချက်အပြင်ပေါ့နော်၊ ကျနော်တို့ တွေ့ရှိချက် ၆၆ လောင်း၊ ဒါလက်တွေ့နောက် ကလေးအလောင်း က လှေသမားတွေ ပြောပြချက်အရ ၂၀ ဝန်းကျင်မှာရှိတယ်၊ နောက်တစ်ခါ ၁၄ ရက်နေ့ မနက်ပိုင်း မှာ တွေ့ပြီးတော့ အလောင်းပြန်လည်ရှာဖွေမတွေ့ရှိဘဲနဲ့ ပျောက်ဆုံးသွားတဲ့ ရုပ်အလောင်း က ၃၀ လောက်ရှိတယ်၊ နောက်သင်္ဘောရဲ့အောက်ဖက်အခြမ်းမှာလူ ၃၀ လောက်ပါသွားတယ်၊ ကျနော်တို့ အဓိကပြောချင်တာကတော့လူ ၁၅၀ လောက်ပါသွားပါတယ်"
ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ စုံစမ်းရေးကော်မရှင်ဟာ ဧပြီလ ၂ ရက်နေ့ကနေ ၇ ရက်နေ့အထိ မြေပုံ၊ ပေါက်တော၊ စစ်တွေ၊ တောင်ကုတ်နဲ့ကျောက်ဖြူမြို့တို့မှာ စုံစမ်းစစ်ဆေးခဲ့တာဖြစ်ပါတယ်။
တောင်ကုတ်မြို့ကနေ စစ်တွေမြို့ကို ဦးတည်မောင်းနှင်လာတဲ့ အောင်တံခွန် အမှတ်(၃) ရေယာဉ်ဟာ ပြီးခဲ့တဲ့ မတ်လ ၁၃ ရက်နေ့ညက မြေပုံမြို့နယ်ထဲမှာ နစ်မြုပ်ခဲ့တာဖြစ်ပါတယ်။
အဲဒီရေယာဉ်ပေါ်မှာ လူ ၂၀၀ ကျော်ပါရှိကြောင်း ပြည်နယ်အစိုးရကထုတ်ပြန်ပေမဲ့ အမှန်တကယ်က လူ ၃၀၀ ကျော် ပါရှိခဲ့ကြောင်းလည်း လွှတ်တော်စုံစမ်းရေး အဖွဲ့ဝင်တွေ က ပြောပါတယ်။
ဒါ့အပြင် ပင်လယ်ထဲမျောနေတဲ့ ရုပ်အလောင်းတွေကို ပြည်နယ်အစိုးရ ကယ်ဆယ်ရေး အဖွဲ့က ထိထိရောက် ရောက် ဆယ်ယူတာမျိုးမရှိတာကြောင့် ရုပ်အလောင်းအတော်များများ ပျောက်ဆုံးနေကြောင်းလည်း ဦးအောင်ဝင်းက ပြော ပါတယ်။
ရေနစ်ခဲ့သူတချို့ဟာ ကမ်းပေါ်ရောက်ရှိခဲ့ချိန်မှာ ကျန်းမာရေးစောင့်ရှောက်မှု မရရှိခဲ့ တာကြောင့် သေဆုံးခဲ့ရတာတွေ လည်းရှိတယ်လို့ သိရပါတယ်။
လွှတ်တော်ကိုယ်စားလှယ်တွေပါဝင်တဲ့ စုံစမ်းရေးကော်မရှင်ကို ရခိုင်ပြည်နယ် လွှတ်တော်က ပြီးခဲ့တဲ့ မတ်လ ၂၄ ရက်နေ့က ဖွဲ့စည်းခဲ့တာပါ။
အဲဒီ့အဖွဲ့ရဲ့အစီရင်ခံစာကို လာမယ့် ဧပြီလ ၁၀ ရက်နေ့မှာ ရခိုင်ပြည်နယ်လွှတ်တော် ဥက္ကဌထံ တင်ပြရမှာ ဖြစ်ပါတယ်။
လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းကို RFA သတင်းထောက် မဇာဏီထွဏ်း က ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
ရခိုင်ပြည်နယ် မြေပုံမြို့နယ်မှာ အောင်တံခွန် အမှတ် ၃ ရေယာဉ်နစ်မြုပ်ခဲ့တာ ဒီလ ၁၃ ရက်နေ့ဆိုရင် တစ်လ တင်းတင်းပြည့်ပြီဖြစ်ပါတယ်။ သေဆုံးသူတွေနဲ့ ပတ်သက်လို့တော့ အစိုးရက လျော်ကြေးပေးဖို့ တရားဝင်ကမ်းလှမ်း ဆက်သွယ်လာတာမရှိသေးဘူးလို့ သေဆုံးသူမိသားစုဝင်တွေက ပြောပါတယ်။ ဒီအကြောင်း RFA ဝိုင်းတော်သူ မခက်မာက တင်ပြထားတာ နားဆင်နိုင်ပါတယ်။