ဘဏ္ဍာငွေမစိစစ်ဘဲ သုံးဖို့ကြိုးစားနေတယ်လို့ ရခိုင်အစိုးရကို ဝေဖန်
2018.06.04

ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ဘဏ္ဍာငွေတွေအပေါ် မစိစစ်ဘဲ မလိုအပ်တဲ့နေရာတွေမှာ အသုံးပြုဖို့ကြိုးစားတာတွေ ရှိနေတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးနိုင်ကြွေအေးက ဒီနေ့ကျင်းပတဲ့ ရခိုင်ပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေးမှာ ပြောလိုက်ပါတယ်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့က တင်ပြထားတဲ့ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် အရအသုံးဆိုင်ရာ ခန့်မှန်းငွေစာရင်းကို ဒီနေ့ ကျင်းပတဲ့ ရခိုင်ပြည်နယ်လွှတ်တော်အစည်းအဝေးမှာ ဆွေးနွေးကြရာမှာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ကြွေအေးက ဝေဖန်ပြောဆိုခဲ့တာဖြစ်ပါတယ်။
"ငပလီမြို့ လင်းသာ၊ မြပင်ရပ်ကွက်နဲ့ ဟိုတယ်ဇုန် ရေပေးဝေရေး၊ ရေပိုက်လိုင်းသွယ်တန်းခြင်း ၁၀ မိုင်ဆိုပြီးတော့ ဘာကြောင့် သိန်းသုံးထောင် ထည့်ထားတာလဲလို့ ကျနော်လှမ်းမေးတော့ ကျေးလက်က သူတို့ထည့်တာမဟုတ်ဘူးတဲ့၊ စည်ပင်လှမ်မေးတော့ စည်ပင်ကလည်း သူတို့ထည့်တာမဟုတ်ဘူးဆိုတော့ ဝန်ကြီးထည့်တာရှိရင်ရှိမှာပေါ့တဲ့၊ အဲလိုပြောတယ်၊ အဲဒါဆိုခင်ဗျားတို့ လက်မှတ်ထိုး ဒါကိုဒီလိုလုပ်တယ်၊ ဒါကိုမလိုအပ်ဘူး၊ ကျနော်သူတို့ကို အဲလိုလုပ်တယ်၊ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ဆီမှာ မလိုအပ်နဲ့ ထပ်ထပ်ပြီးလုပ်တဲ့ သဒ္ဓါခတွေကများလာပြီ၊ ကျနော်တို့ ခဏခဏဒီအခက်အခဲတွေ ရင်ဆိုင်ရတယ်၊ အခုဆိုရင် လိုအပ်တဲ့နေရာကို လုံးဝမရောက်နိုင်ဘူး၊ မလိုအပ်တဲ့နေရာမှာပဲ ထပ်ထပ်ပြီးငွေကသုံးနေတယ်"
ငပလီမြို့ လင်းသာ၊ မြပင်ရပ်ကွက်နဲ့ ဟိုတယ်ဇုန်ကို ရေပိုက်လိုင်းသွယ်တန်းဖို့အတွက် ငွေကျပ်သိန်း ၃၀၀၀ ကျော် အသုံးပြုဖို့ ပြည်နယ်အစိုးရအဖွဲ့က ဘဏ္ဍာငွေမှာ ထည့်သွင်းလျာထားတာဖြစ်ပြီး အမှန်တကယ်မှာတော့ အဲဒီ ရေပိုက်လိုင်းတွေဟာ ကိုယ်ထူကိုယ်ထ ဆောင်ရွက်ထားပြီးတဲ့လုပ်ငန်းတွေဖြစ်နေတာကို တွေ့ရတယ်လို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ကြွေအေးက ပြောပါတယ်။
သံတွဲမြို့ မဟာဗောဓိဆည်ကနေ မြို့ပေါ်ရပ်ကွက်ကို ရေပိုက်လိုင်းသွယ်တန်းရေး၊ ရေလှောင်ကန်တစ်ခုတည် ဆောက်ရေး၊ ရေတွန်းစက်ရုံ၊ ထရံစဖော်မာ၊ ရေမော်တာ စတဲ့လုပ်ငန်းတွေ ဆောင်ရွက်ဖို့အတွက် ငွေကျပ် သိန်း ၂၄၀၀ ကျော် တင်ပြတောင်းခံထားပေမယ့် ကွင်းဆင်းစီစစ်ခဲ့ရာမှာ အရင်ကတည်းက ရန်ပုံငွေချထားပြီးသား လုပ်ငန်းတွေဖြစ်နေတာ တွေ့ရတယ်လို့လည်း ဦးနိုင်ကြွေအေးက ဆိုပါတယ်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ပြည်ထောင်စုအစိုးရအဖွ့ဲထံကနေ တင်ပြတောင်းခံမယ့် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် အတွက် အရအသုံးဆိုင်ရာ ခန့်မှန်းငွေစာရင်း လျာထားချက်တွေကို ပြည်နယ်လွှတ်တော်မှာ လွှတ်တော် ကိုယ်စားလှယ် ၈ ဦးက ဒီနေ့ ဝေဖန်ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။
အစိုးရအနေနဲ့ ဘတ်ဂျက်နဲ့ စီမံကိန်းအဆိုပြုလွှာတွေအပေါ် လွှတ်တော်ရဲ့သုံးသပ်အကြံပြုချက်တွေကို အလေးထား ဆောင်ရွက်ဖို့ ပြည်သူ့ငွေစာရင်းကော်မတီက လွှတ်တော်မှာ အကြံပြုခဲ့ပါတယ်။