ဧရာဝတီတိုင်းဒေသကြီး ဟိုင်းကြီးကျွန်းမှာ ရက္ခိတပြက္ခဒိန် ရောင်းချလို့ မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁) နဲ့ ဖမ်းဆီးခံထားရသူ ၄ ဦးကို ငပုတောမြို့နယ်တရားရုံးမှာ ဒီနေ့စတင် ရုံးထုတ်ခဲ့ပါတယ်။
ငပုတောရဲစခန်းမှာ ဖမ်းဆီးထားတဲ့ ၄ ယောက်လုံးကို ပုဒ်မ ၁၇(၁)နဲ့ တရားရုံးမှာ ဒီနေ့ စွဲချက်တင်ခဲ့ပြီး မနက်ဖြန်မှာ ပုသိမ်ထောင်ချုပ်ကို ပို့မယ်လို့ သိရကြောင်း တရားရုံးကို သွားရောက်ခဲ့တဲ့ ပြက္ခဒိန် ထုတ်ဝေရောင်းချသူ ကိုသိန်းအောင်မြတ်ရဲ့ ဇနီးက ပြောပါတယ်။
ဟိုင်းကြီးကျွန်းမှာ ရက္ခိတပြက္ခဒိန် ရောင်းချခဲ့သူတွေကို မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁) နဲ့ ရဲတပ်ဖွဲ့က တရားလိုလုပ်ပြီး စွဲဆိုထားတာဖြစ်ကြောင်း ဧရာဝတီတိုင်းရဲတပ်ဖွဲ့က ဒုရဲမှူးကြီး ထွန်းရွှေက သူ့ရဲ့ ကိုယ်ရေးအရာရှိကနေတစ်ဆင့် RFA ကို ပြောပါတယ်။
ဘယ်ရဲတပ်ဖွဲ့က တရားလိုလုပ် စွဲဆိုတာလဲဆိုတာကိုတော့ အတည်ပြုပြောဆိုခြင်း မရှိပါဘူး။
ဧပြီ ၆ ရက်နေ့က ဟိုင်းကြီးကျွန်းမှာ ရက္ခိတပြက္ခဒိန် ရောင်းချနေစဉ် ဖမ်းဆီးခံရတာလို့ ဖမ်းဆီးခံရသူတွေရဲ့ မိသားစုဝင်တွေက ပြောပါတယ်။
ဟိုင်းကြီးကျွန်းမှာ ရက္ခိတပြက္ခဒိန် ရောင်းချခဲ့သူတွေကို မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁) နဲ့ ရဲတပ်ဖွဲ့က တရားလိုလုပ်ပြီး စွဲဆိုထားတာဖြစ်ကြောင်း ဧရာဝတီတိုင်း ရဲတပ်ဖွဲ့က ဒုရဲမှူးကြီး ထွန်းရွှေက သူ့ရဲ့ ကိုယ်ရေးအရာရှိကနေတစ်ဆင့် RFA ကို အတည်ပြုပြောပါတယ်။
ဘယ်ရဲတပ်ဖွဲ့က တရားလိုလုပ် စွဲဆိုတာလဲဆိုတာကိုတော့ အတည်ပြုပြောဆိုခြင်း မရှိပါဘူး။ တိုင်းရဲတပ်ဖွဲ့က ဒုရဲမှူးကြီး ထွန်းရွှေက တိုင်းရုံးမှာ ကိုယ်တိုင်တေ့ွဆုံမေးမြန်းမှသာ အသေးစိတ်ကို ဖြေကြားနိုင်မယ်လို့ RFA ကို ပြောပါတယ်။
ဧပြီ ၆ ရက်နေ့က ဟိုင်းကြီးကျွန်းမှာ ရက္ခိတပြက္ခဒိန် ရောင်းချနေစဉ် ပြက္ခဒိန်ထုတ်ဝေရောင်းချသူ ကိုသိန်းအောင်မြတ် အပါအဝင် ၄ ယောက်ကို ဖမ်းဆီးလိုက်ပြီး ငပုတောရဲစခန်းမှာ ထိန်းသိမ်းခဲ့တာ ဖြစ်ပါတယ်။
တရားလိုဟာ ရဲတပ်ဖွဲ့ကလို့ပဲ သိထားကြောင်း ပြက္ခဒိန်ထုတ်ဝေရောင်းချသူ ကိုသိန်းအောင်မြတ်ရဲ့ ဇနီးဖြစ်သူ မမိုးသန္တာခင် က ပြောပါတယ်။
"သူတို့က ရဲတပ်ဖွဲ့ကပဲ စွဲတာတဲ့၊ ဒါပေမဲ့ ငပုတော ရဲတော့ မဟုတ်ဘူးတဲ့၊ ပုဒ်မကို ပြောတာတော့ ငပုတော စခန်းမှူးက ပြောတာပေါ့၊ ၁၇(၁) နဲ့ပဲ စွဲတယ်ဆိုပြီးတော့ ဘယ်ကလို့ မပြောဘူး၊ မေးလို့မရဘူး၊ ဘယ်ကဆိုတာတော့၊ ရဲတပ်ဖွဲ့မှာ ရဲအဖွဲ့မှာ သူတို့မှာ အဖွဲ့အစည်းအမျိုးမျိုးရှိတယ်တဲ့ အဲတာပဲပြောတယ်"
ဖမ်းဆီးခံရသူ ၄ ယောက်မှာ ပြက္ခဒိန်ထုတ်ဝေရောင်းချသူက ကိုသိန်းအောင်မြတ် တစ်ယောက်ပဲဖြစ်ပြီး ဟိုင်းကြီးကျွန်းကို မရောက်ဖူးလို့ အလည်လိုက်သွားတဲ့ ကိုသိန်းအောင်မြတ် သူငယ်ချင်းဆိုသူတစ်ယာက်၊ ရန်ကုန်ကနေ ကားအငှားလိုက်သွားတဲ့ ယာဉ်မောင်းတစ်ယောက် နဲ့ ကူရောင်းပေးဖို့ခေါ်ထားတဲ့ ဟိုင်းကြီးနယ်ခံ တစ်ယောက်တို့ဖြစ်တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။
ဟိုင်းကြီးကျွန်းကို မရောက်ဖူးလို့ အလည်လိုက်သွားတဲ့ ကိုသိန်းအောင်မြတ် သူငယ်ချင်း ကိုကောင်းမြတ်သူရဲ့ ဖခင်က အခုလို ပြောပါတယ်။
"သူက အဲဒါနဲ့ မပတ်သက်တဲ့သူဆိုတော့ သူ့အတွက်တော့ စိတ်တော့မပူဘူး၊ တရားရုံးမှာ စစ်ရင်တော့ပေါ်မှာပဲလေ"
ဒါ့အပြင် တစ်ရက်ကို ကျပ် ၄ သောင်းနဲ့ ရန်ကုန်ကနေ ကားအငှားလိုက်သွားတဲ့ အငှားယာဉ်မောင်းလည်း အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။
အငှားယာဉ်မောင်းအချင်းချင်း စပ်ပေးရာကနေ ကားအငှားလိုက်မောင်းပေးခဲ့တာဖြစ်တယ်လို့ တက္ကစီယာဉ်မောင်းနဲ့ ဆွေမျိုးတော်စပ်သူတစ်ယောက် က ပြောပါတယ်။
"သူက အညာက ရန်ကုန်မှာ တက္ကစီ အငှားမောင်းတာ၊ သူတို့က နဂိုထဲက မသိဘူး၊ တစ်ယောက်ကနေပြီးတော့ အော်ဒါပါတယ်ဆိုပြီး စပ်ပေးတာ သူတို့ တက္ကစီမောင်းသမားချင်းကလေ၊ စပ်ပေးလို့ပါသွားတာတဲ့၊ ဒီနေ့သူတို့ ရုံးထုတ်လိုက်တယ်၊ ရုံးထုတ်မှာ ဘာမှပြောလို့မရဘူး၊ ၂၉ ရက်နေ့ကို ပြန်ချိန်းလိုက်တယ်၊ ဘယ်လို ဆက်လုပ်ရမလဲ မသိသေးဘူး၊ တက္ကစီမောင်းတဲ့ကောင်က ကျန်းမာရေးကလည်း မကောင်းဘူး၊ နက်ဖြန်ဆို သူတို့ထောင်ကြီးချုပ် ပုသိမ်ကို ပို့မယ်တဲ့"
ကိုသိန်းအောင်မြတ်ဟာ ရက္ခိတပြက္ခဒိန် ထုတ်ဝေရောင်းချတာ ၇ နှစ်ရှိပြီဖြစ်ပြီး ခုအကြိမ်က ပထမဆုံး ဖမ်းဆီးခံရတာဖြစ်တယ်လို့လည်း မမိုးသန္တာခင် က ပြောပါတယ်။
သူတို့ဟာ တရားဝင်ထုတ်ဝေခွင့်လိုင်စင် မရှိဘဲ ရောင်းချနေတာလည်း ဖြစ်ပါတယ်။
ဒီအမှုနဲ့ပတ်သက်ပြီး လာမယ့် ဧပြီလ ၂၉ ရက်နေ့ကို နောက်ထပ်ရုံးချိန်း ချိန်းဆိုထားတယ်လို့ သိရပါတယ်။
RFA သတင်းထောက် မသီရိမင်းဇင် ပေးပို့တာပါ။