ရခိုင်ပဋိပက္ခအတွင်း အရပ်သားတွေကို အကာအကွယ်ပေးဖို့ ကုလ တောင်းဆို

RFA Burmese
2024.12.25
ရခိုင်ပဋိပက္ခအတွင်း အရပ်သားတွေကို အကာအကွယ်ပေးဖို့ ကုလ တောင်းဆို လေကြောင်းမှ ဗုံးကြဲခံရသည့် မင်းပြားမြို့နယ် သာဒါကျေးရွာကို ၂၀၂၄ ခုနှစ် မတ်လ ၁၈ ရက်က တွေ့ရစဉ်။
Telegram/ Arakan Princess Media

ရခိုင်ပြည်နယ်ပဋိပက္ခကြောင့် လူပေါင်း ငါးသိန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး လူသားချင်းစာနာထောက်မှုဆိုင်ရာ အကျပ်အတည်း ပိုမိုဆိုးရွားလာခဲ့ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရသူ Stephanie Dujarric က ဒီဇင်ဘာ ၂၃ ရက်နေ့က ကြေညာချက် ထုတ်ပြန်ပါတယ်။

ရခိုင်ပြည်နယ်တောင်ပိုင်းက မြို့နယ်အများအပြားမှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တို့ကြား တိုက်ပွဲတွေပြင်းထန်လာနေတာကြောင့် ရခိုင်ပြည်နယ်မှာ လုံခြုံရေးအခြေအနေ အလျင်အမြန် ဆိုးရွားလာနေကြောင်း၊ မိတ်ဖက်အဖွဲ့အစည်းတွေရဲ့ ပြောကြားချက်အရ လက်ရှိပဋိပက္ခတွေကြောင့် ရခိုင်ပြည်နယ် ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်မှာ လူဦးရေ ၃၆၀,၀၀၀ ခန့်နဲ့ ရခိုင်ပြည်နယ်မှာ နေရပ်စွန့်ခွာထွက်ပြေးရသူ စုစုပေါင်း ၅ သိန်း ၇ သောင်းနီးပါးရှိလာပြီဖြစ်ကြောင်း ကြေညာချက်မှာ ပါရှိပါတယ်။

ရခိုင်ပြည်နယ်က ပြင်းထန်တဲ့ပဋိပက္ခတွေဟာ အနောက်မြောက်နဲ့ အရှေ့တောင်အပါအဝင် မြန်မာနိုင်ငံတဝှမ်း တိုင်းနဲ့ ပြည်နယ်အများအပြားမှာ ပျံ့နှံ့နေပြီး လူပေါင်း ၃.၅ သန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်း၊ လွန်ခဲ့တဲ့နှစ်နဲ့ နှိုင်းယှဉ်ရင် တစ်သန်းခွဲ သိသိသာသာတိုးလာခဲ့တယ်လို့ ဆိုပါတယ်။

ပဋိပက္ခမှာ ပါဝင်ပတ်သက်သူတွေ အားလုံးအနေနဲ့ နိုင်ငံတကာ လူသားချင်းစာနာမှုဥပဒေနဲ့အညီ အရပ်သားပြည်သူတွေ၊ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာလုပ်သားတွေနဲ့ ထောက်ပံ့ရေးပစ္စည်းတွေကို အကာအကွယ်ပေးဖို့နဲ့ အကူအညီလိုအပ်နေသူတွေထံ ဝင်ရောက်ခွင့်ကို အာမခံချက်ပေးဖို့ ကုလသမဂ္ဂအနေနဲ့ ထပ်မံတောင်းဆိုကြောင်းလည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။