စွန့်လွှတ်ထားတဲ့မြေတွေ ပြန်သိမ်းခံရလို့ တောင်သူတွေ ကန့်ကွက်

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် သရက်တပင်ကျေးရွာမှာ စွန့်လွှတ်ထားတဲ့ ရထားလမ်းစီမံကိန်းမြေတွေ ကို မြစ်ရေတင်စီမံကိန်းအတွက် အစိုးရက ပြန်လည်သိမ်းဆည်းလိုက်တာကြောင့် ဒေသခံတောင်သူတွေ ကန့်ကွက်နေကြပါတယ်။

မြစ်ရေတင်စီမံကိန်းအတွက် စက်ယန္တရားကြီးတွေနဲ့ မြေတူးဖော်မှုတွေ လုပ်ဆောင်နေတာ အခုဆိုရင် ၂ ဖာလုံလောက်ရှိနေပြီလို့ သရက်တပင်ကျေးရွာ တောင်သူ ဦးမောင်စောမြ က ပြောပါတယ်။

"တစ်လ နှစ်လလောက်တော့ ကြာပါပြီ၊ ကျနော်တို့က မြစ်ရေတင်စီမံကိန်းကို ဒီရထားလမ်း တာဘောင်ကို သုံးပြီးတော့ လုပ်ခွင့်မပြုပါဘူး။ အခုတော့ စွန့်ပစ်တယ်ဆိုတော့ တောင်သူတွေ လိုချင်တာပေါ့ မြေတွေကို၊ ကျနော်တို့ လျော်ကြေးတွေလည်း မလိုချင်ပါဘူး"

ကျောက်တော်မြို့နယ် သရက်တပင်ကျေးရွာက တောင်သူ ၃၀ ကျော်ပိုင်ဆိုင်တဲ့ လယ်ယာမြေဧက ၄၀ ကျော် မှာ မြစ်ရေတင်စီမံကိန်းအတွက် အစိုးရကရေမြောင်းတွေ တူးဖော်နေတာဖြစ်တယ်လို့ တောင်သူတွေကပြော ပါတယ်။

အဲဒီမြစ်ရေတင်စီမံကိန်းနဲ့ ပတ်သက်ပြီး မူလတောင်သူတွေကို အသိပေးတာမရှိတဲ့အတွက် ပြီးခဲ့တဲ့ ဧပြီလက စီမံကိန်းကို ကန့်ကွက်ကြောင်း ပြည်နယ်ဝန်ကြီးချုပ်ထံ တောင်သူတွေစာရေးသားပေးပို့ခဲ့ပါတယ်။

အဲဒီကိစ္စနဲ့ပတ်သက်ပြီး အစိုးရတာဝန်ရှိသူတွေဘက်က ကွင်းဆင်းစစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့ပေမယ့် လည်း မြစ်ရေတင်စီမံကိန်းကို ဒီနေ့အချိန်အထိ ဆက်လက်ဆောင်ရွက်နေဆဲဖြစ်တယ်လို့ တောင်သူတွေ က ပြောပါတယ်။

ရခိုင်ပြည်နယ် စစ်တွေ၊ အမ်း၊ မင်းဘူးရထားလမ်းစီမံကိန်းကို ၂၀၁၁ ခုနှစ်လောက်က အစိုးရက စတင်အကောင်အထည်ဖော်ခဲ့တာဖြစ်ပြီး လယ်ယာမြေနဲ့ အခြားမြေဧကပေါင်း ၁၂၀၀ ကျော်ကို လျော်ကြေး မပေးဘဲ သိမ်းဆည်းခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ရထားလမ်းဟာ ရှေးဟောင်းဇုန်နယ်မြေတွေကို ဖြတ်သန်းသွားတာဖြစ်တဲ့အတွက် ကန့်ကွက်မှုတွေရှိခဲ့ရာကနေ ၂၀၁၄ ခုနှစ်က စီမံကိန်းကို အစိုးရက ရပ်ဆိုင်းခဲ့ပါတယ်။

ရပ်ဆိုင်းလိုက်တဲ့ ရထားလမ်းစီမံကိန်းမှာ ပါဝင်တဲ့ လယ်ယာမြေတွေကို မူလတောင်သူတွေထံ ပြန်လည်စွန့်လွှတ် မှာဖြစ်တယ်လို့ ရခိုင်ပြည်နယ်အစိုးရ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနဲ့သတ္တုတွင်းဝန်ကြီး ဦးကျော်လွင်က ပြီးခဲ့တဲ့နှစ်ဇွန်လကကျင်းပခဲ့တဲ့ ရခိုင်ပြည်နယ်လွှတ်တော်အစည်းအဝေးမှာ ပြောထားပါတယ်။

အခုမြစ်ရေတင်စီမံကိန်းအတွက် ပြန်လည်သိမ်းဆည်းခံရတဲ့ မြေယာတွေနဲ့ ပတ်သက်ပြီး မကြာခင်ရက်ပိုင်းမှာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးညီပုထံ စာပေးပို့တောင်းဆိုသွားမယ်လို့လည်း တောင်သူတွေက ပြောပါတယ်။