ရခိုင်မှာ လူသောင်းနဲ့ချီ ထွက်ပြေးရမှု စစ်ကောင်စီနဲ့ AA မှာ တာဝန်ရှိကြောင်း ကုလမဟာမင်းကြီးပြော
2024.08.23
ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေ အပါအဝင် လူသောင်းနဲ့ချီ ထွက်ပြေးရမှုမှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော် (AA) မှာ တာဝန်ရှိကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော်လ်ကာ တာ့က် (Volker Turk) က ဩဂုတ်လ ၂၃ ရက် ဒီနေ့ထုတ်ပြန်တဲ့ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (UNOHCHR) ရဲ့ ထုတ်ပြန်ချက်မှာ ထည့်သွင်းပြောဆိုပါတယ်။
လွန်ခဲ့တဲ့ လေးလကျော် ကာလအတွင်း မောင်တောနဲ့ ဘူးသီးတောင်မြို့တွေကို သိမ်းယူဖို့ အာရက္ခတပ်တော် (AA) ရဲ့ စစ်ဆင်ရေးတွေကနေ ရိုဟင်ဂျာတွေအပါအဝင် သောင်းနဲ့ချီတဲ့ ပြည်သူတွေဟာ ထွက်ပြေးခဲ့ရတယ်လို့ ဆိုပါတယ်။
ဘင်္ဂလားဒေ့ရှ်နယ်စပ် နတ်မြစ်တစ်လျှောက် ပြင်းထန်တဲ့တိုက်ခိုက်မှုတွေထဲက တစ်ခုဖြစ်တဲ့ ဩဂုတ်လ ၅ ရက်နေ့ က လက်နက်တပ်ဆင်ထားတဲ့ ဒရုန်းတွေပါဝင်တဲ့ တိုက်ခိုက်မှုမှာ အရပ်သား အများအပြား သေဆုံးခဲ့ရတယ်လို့ UNOHCHR ရဲ့ ဒီနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒီဖြစ်ရပ်မှာ ဘယ်အဖွဲ့အစည်းက တာဝန်ရှိတယ်ဆိုတာကိုတော့ တိတိကျကျမသိရသေးဘူးလို့ ဆိုပါတယ်။
AA က အရပ်သားတွေကို မလုံခြုံတဲ့နေရာတွေမှာ နေရာချထားမှုတွေကြောင့် ထောင်နဲ့ချီတဲ့ ရိုဟင်ဂျာတွေဟာ ခြေလျင်ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ဗော်လ်ကာ တာ့က် က ပြောပါတယ်။
နှစ်ဖက်စလုံးက အရပ်သားတွေအပေါ် တိုက်ခိုက်မှုတွေကို ချက်ချင်းရပ်တန့်ပြီး ပဋိပက္ခတွေက ထွက်ပြေးနေရသူတွေကို အကာအကွယ်ပေးရမယ်လို့ ဆိုပါတယ်။
ဒီ့အပြင် သူတို့တွေဆီ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေပေးအပ်နိုင်ရေးအတွက်လည်း အာမခံ ချက်ပေးရ မယ်လို့ ဗော်လ်ကာ တာ့က် က ပြောပါတယ်။
လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) ရဲ့ ဩဂုတ်လ ၂၂ ရက် ထုတ်ပြန်ချက်မှာလည်း အခုလတွေအတွင်း စစ်ကောင်စီတပ်နဲ့ AA တို့ဟာ ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်တာ၊ နေအိမ်တွေမီးရှို့တာနဲ့ တရားမဝင် လူသစ်စုဆောင်းတာတွေ ကျူးလွန်နေတယ်လို့ ဖော်ပြပါတယ်။
အာရက္ခတပ်တော် (AA) ကတော့ သြဂုတ် ၁၅ ရက်နေ့ ညနေပိုင်းက မောင်တောမြို့ အမှတ် (၂) ရပ်ကွက်မှာ မွတ်စလင် လက်နက်ကိုင်တွေနဲ့ AA တို့ တိုက်ပွဲဖြစ်ချိန် မွတ်စလင် လက်နက်ကိုင်တွေက သူတို့တပ်စွဲထားတဲ့ နေအိမ်ကို မီးရှို့ပြီး ထွက်ပြေးတာကြောင့် နေအိမ်ငါးလုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ဖော်ပြပါတယ်။
မောင်တောမြို့သိမ်းတိုက်ပွဲ ပြင်းထန်နေချိန် နိုင်ငံတကာရောက် လူ့အခွင့်အရေး လှုပ်ရှားသူတချို့က စွပ်စွဲပြောဆိုမှုတွေ ရှိနေပြီး အဲဒီစွပ်စွဲချက်တွေက လူမျိုးနှစ်ခုအကြား သဟဇာတဖြစ်မှုကို ထိခိုက်စေနိုင်တယ်လို့ AA က သြဂုတ်လ ၁၈ ရက်နေ့မှာ တုံ့ပြန်ပြောဆိုပါတယ်။
AA က မောင်တောမြို့သိမ်းတိုက်ပွဲကနေ ရိုဟင်ဂျာတွေအပါအဝင် ဒေသခံပြည်သူ နှစ်သောင်းနီးပါးကို ဘေးလွတ်ရာ ကယ်ထုတ်ထားပြီး ကျန်ရှိနေသူတွေကိုလည်း ဆက်လက် ကယ်ထုတ်နေတယ်လို့ ဆိုပါတယ်။
ဒါနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရသူ ဥပဒေချုပ် ဦးလှသိန်းကို RFA ကတယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေကြားတာမရှိပါဘူး။