ရခိုင်စစ်ဘေးဒုက္ခသည်တွေ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေရှိနေကြောင်း AA ထုတ်ပြန်

RFA Burmese
2024.12.29
ရခိုင်စစ်ဘေးဒုက္ခသည်တွေ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေရှိနေကြောင်း AA ထုတ်ပြန် ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ဂဏန်းတောင် စစ်ဘေးဒုက္ခသည်စခန်းတွင် လာရောက်ခိုလှုံနေသူတချို့အား ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော် (AA) တို့ တစ်ကျော့ပြန်ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည် ခြောက်သိန်းကျော်ရှိနေပြီး စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ရှိနေကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/AA)ရဲ့ လူသားချင်းစာနာ ထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO)က ဒီဇင်ဘာ ၂၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုနဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်ကိုတော့ ထည့်သွင်း ပြောဆိုတာမရှိပါဘူး။

ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားနေရတဲ့ စစ်ဘေးဒုက္ခသည်တွေကို HDCO က စိတ်ကျန်းမာရေးနဲ့ လူမှုဆက်ဆံရေးဆိုင်ရာ ပံ့ပိုးမှုအစီအစဉ်တွေကို ဆောင်ရွက်ပေးနေကြောင်း ထုတ်ပြန်ချက်မှာ ထည့်သွင်းပြောဆိုထားပါတယ်။

ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ ရသေ့တောင်၊ မောင်တောမြို့နယ်တွေက စစ်ဘေးဒုက္ခသည် သုံးထောင့်သုံးရာကျော် (၃၃၇၅ ဦး) ကို စိတ်ကျန်းမာရေးဆိုင်ရာ ကူညီပေးခဲ့ပြီးဖြစ်တဲ့အပြင် ဆက်လက်ပြီးလည်း ကူညီဆောင်ရွက်ပေးနေတယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်က စစ်ဘေးဒုက္ခသည်တွေဟာ စားဝတ်နေရေး အကူအညီတွေလည်း လိုအပ်နေကြောင်း စစ်ဘေးဒုက္ခသည်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။

စစ်ကောင်စီနဲ့ အာရက္ခတပ်တော် (AA) တို့ ၂၀၂၄ ခုနှစ် ဧပြီလကစပြီး ရခိုင်ပြည်နယ်မှာ တကျော့ပြန်တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာဖြစ်ပြီး အဲဒီတိုက်ပွဲတွေကြောင့် စစ်ဘေးဒုက္ခသည် ခြောက်သိန်းကျော် ရှိလာတာဖြစ်ပါတယ်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ ၂၀၂၄ ဒီဇင်ဘာ ၂ ရက်စာရင်းအရ တစ်နိုင်ငံလုံးမှာ စစ်ဘေးဒုက္ခသည် လေးသန်းကျော် ရှိတယ်လို့ ဖော်ပြထားပါတယ်။

အဲဒီစာရင်းအရ စစ်ကိုင်းတိုင်းက စစ်ဘေးဒုက္ခသည် အများဆုံးဖြစ်ပါတယ်။ ရခိုင်ပြည်နယ်က ဒုတိယအများဆုံးဖြစ်ပြီး မကွေးတိုင်းက တတိယအများဆုံး ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။