နိုင်ငံရေးအကျဉ်းသား ၃၃ ဦးလွတ်မြောက်ရေး လမ်းလျှောက်ဆန္ဒပြမည်

နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် မကြာခဏ လမ်းလျှောက်ဆန္ဒပြနေတဲ့ ဆရာတော် ဦးရက္ခဝံသဟာ လက်ကျန်နိုင်ငံရေးအကျဉ်းသား ၃၃ ဦး လွတ်မြောက်ရေးအတွက် တောင်ကြီးမြို့ကနေ ရန်ကုန်မြို့ထိ တစ်ကိုယ်တော်လမ်းလျှောက် ဆန္ဒပြတောင်းဆိုသွားမယ်လို့ ဒီနေ့ ရန်ကုန်မြို့ မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ မိန့်ကြားလိုက်ပါတယ်။

လက်ကျန်နိုင်ငံရေး အကျဉ်းသားအားလုံး လွတ်မြောက်ရေးအတွက် မကြာခင်ရက်ပိုင်းအတွင်း တစ်ကိုယ်တော် ဆန္ဒပြတောင်းဆိုမှာဖြစ်တယ် လို့ မြန်မာဂျာနယ်လစ်ကွန်ရက် ရုံးခန်းမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဆရာတော် ဦးရက္ခဝံသက မိန့်ကြားခဲ့တာပါ။

"တောင်ကြီးကနေ ရန်ကုန်အထိ လမ်းလျှောက်ရာ မှာ လက်ကျန် နိုင်ငံရေးအကျဉ်းသား ၃၃ ရောက် ကို အမြန်ဆုံးလွှတ်ပေးဖို့ တောင်းဆိုတာဖြစ်တယ်၊ ၆ ရက် ၇ ရက်လောက်ရှိမယ်လို့ ဦးဇင်းထင်တယ်"

၂၀၁၄ ခုနှစ်မှာ နိုင်ငံရေးအကျဉ်းသားတွေ မရှိစေရဘူး လို့ နိုင်ငံတော်သမ္မတက ပြောကြားထားပေမယ့် နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီ ပြုစုထားတဲ့ စာရင်းတွေအရ နိုင်ငံရေးအကျဉ်းသား ၃၃ ဦး ကျန်ရှိနေသေးတယ်လို့လည်း ဆရာတော်က မိန့်ကြားပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့အတွက် ဆရာတော် ဦးရက္ခဝံသ တစ်ကိုယ်တော်လမ်းလျှောက် ဆန္ဒပြတာဟာ အခုတစ်ကြိမ်နဲ့ဆိုရင် ၄ ကြိမ်ရှိသွားပြီဖြစ်ပါတယ်။