ရခိုင်ပြည်နယ် အစိုးရသစ် ဘယ်လိုဖွဲ့စည်းမလဲ

ဝေယံမိုးမြင့်
2020-12-04
Share

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ နေရာအများဆုံး အနိုင်ရထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ရခိုင်ပြည်နယ် လွှတ်တော်အတွက် ငါးယောက်သာ ရွေးကောက်ခံထားရတဲ့အတွက် ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှာ ရခိုင်တိုင်းရင်းသားပါတီတွေ ပါဝင်ခွင့်ရဖို့ နိုင်ငံရေးအသိုင်းအဝိုင်းက မျှော်လင့်နေကြပါတယ်။

ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ် ၁၇ မြို့နယ်ထဲက ၈ မြို့နယ်မှာပဲ ကျင်းပနိုင်ခဲ့ပြီး၊ ၉ မြို့နယ်မှာ မကျင်းပနိုင်ခဲ့ပါဘူး။

အခုတော့ ရွေးကောက်ပွဲရလဒ်အရ ရခိုင်ပြည်နယ်လွှတ်တော်မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီက ငါးယောက်၊ ရခိုင့်ဦးဆောင်ပါတီက နှစ်ယောက်၊ ကြံ့ခိုင်ဖွံံ့ဖြိုးရေးပါတီက တစ်ယောက်နဲ့ ရခိုင်အမျိုးသားပါတီ ANP က ခုနှစ်ယောက် အနိုင်ရရှိထားပါတယ်။

ဒါကြောင့် ရခိုင်အမျိုးသားပါတီ ANP က ပြည်နယ်လွှတ်တော်မှာ နေရာအများဆုံးရရှိထားတဲ့ ပါတီပါ။

ဒါပေမဲ့ ၂၀၁၅ ရွေးကောက်ပွဲအပြီးတုန်းကလိုပဲ လာမယ့် အစိုးရသစ်လက်ထက်မှာလည်း ပြည်နယ်ဝန်ကြီး ချုပ်နေရာကို NLD ပါတီက သူ့လူကို ရွေးချယ်မယ်လို့ ANP ပါတီ ဗဟိုကော်မတီဝင် ဦးဖေသန်းက ယူဆထားပါတယ်။

“၂၃ ယောက် နိုင်တာတောင် သူတို့ အနည်းစုနိုင်တဲ့ ရှစ်ယောက်ထဲက ဦးညီပုကို ခန့်သွားတယ် အခု သူတို့က လေးယောက် ကျနော်တို့က ခုနှစ်ယောက်ဆိုတော့ သူတို့ဖက်က ခန့်ဖို့များတယ်။ သဘောထားကြီးရင် ကျနော်တို့ပါတီက ကိုယ်စားလှယ်ကို ခန့်လို့ရတယ်။ အဲဒီကိစ္စ ညှိနှိုင်းချက်မရှိတော့ မျှော်လင့်ချက် ဘာညာမရှိဘူူး။ ကမ်းလှမ်းတာ ဘာညာချက် အသေးစိတ်ဆွေးနွေးမှ ဖြစ်မှာပါ”

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၆၁ အရ တိုင်းနဲ့ ပြည်နယ် ဝန်ကြီးချုပ်ကို နိုင်ငံတော် သမ္မတက တိုက်ရိုက်ခန့်အပ်ရတာဖြစ်လို့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ရွေးကောက်ပွဲအောင်နိုင်ပြီး ပြည်ထောင်စု အစိုးရဖွဲ့နိုင်တဲ့ NLD ပါတီဟာ တိုင်းနဲ့ ပြည်နယ်အသီးသီးရဲ့ ဝန်ကြီးချုပ်တွေကို စိတ်ကြိုက်ခန့်အပ်ခွင့်ရမှာပါ။

တိုင်းရင်းသားတွေကတော့ ဖယ်ဒရယ်စနစ်အရ ပြည်နယ်ဝန်ကြီးချုပ်နေရာကို ဒေသအခြေစိုက် တိုင်းရင်းသားပါတီတွေက တာဝန်ယူခွင့်ရဖို့ မျှော်လင့်ကြတာပါ။

ရခိုင်အရပ်ဖက်အဖွဲ့အစည်းဖြစ်တဲ့ ရခိုင်တိုင်းရင်းသား မျိုးနွယ်စုများအစည်းအရုံး REC အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းက ပြည်နယ်မှာ အများစုအနိုင်ရတဲ့ ပါတီကပဲ ပြည်နယ်အစိုးရကို ဖွဲ့စည်းစေချင်ပါတယ်။

“ကျနော်တို့ကတော့ အများစုအနိုင်ရတဲ့ပါတီကို အစိုးရအဖွဲ့ ဖွဲ့ပေးစေချင်တယ်။ ဒါပေမဲ့ ဒီပါတီကကြီးပဲ အစိုးရအဖွဲ့ ဝန်ကြီးအကုန်လုံးကို ယူတာမျိုးမဟုတ်ဘဲ အနိုင်ရပါတီအားလုံးနဲ့ ညှိနှိုှုင်းပြီး အထူးသဖြင့် NLD ပါတီနဲ့ပေါ့ ဒီလိုညှိနှိုင်းမှုတွေနဲ့ ဖွဲ့စည်းစေချင်တာပါ”

ရခိုင်ပြည်နယ်မှာ လုံခြုံရေးအရ ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့တဲ့ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဍားကျွန်း၊ ပေါက်တော၊ မင်းပြား၊ မြေပုံ၊ မြောက်ဦး၊ ကျောက်တော် စတဲ့ ၉ မြို့နယ်မှာ ဒီလအတွင်း ရွေးကောက်ပွဲကျင်းပနိုင်ဖို့ AA နဲ့ တပ်မတော်တို့ကြား သဘောတူနေပါတယ်။ ဒါကြောင့် အစိုးရသစ်မဖွဲ့ခင် ရွေးကောက်ပွဲ မကျင်းပဖြစ်ခဲ့တဲ့နေရာတွေမှာ ရွေးကောက်ပွဲလုပ်နိုင်ဖို့ ကိုဇော်ဇော်ထွန်းက မျှော်လင့်နေပါတယ်။

တစ်ပြည်နယ်လုံးမှာသာ ရွေးကောက်ပွဲကျင်းပနိုင်မယ်ဆိုရင် ပြည်နယ်လွှတ်တော်မှာ ချင်းတိုင်းရင်းသားရေးရာဝန်ကြီး တစ်နေရာ အပါအဝင် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် ၃၅ ယောက်နဲ့ တပ်မတော်သား ကိုယ်စားလှယ် ၁၂ ယောက် စုစုပေါင်း ၄၇ ယောက် ရှိမှာပါ။

ဒါပေမဲ့ လက်ရှိအခြေအနေအရ ရခိုင်ပြည်နယ်လွှတ်တော်မှာ NLD ပါတီက ချင်းတိုင်းရင်းသားရေးရာ ဝန်ကြီး တစ်နေရာ အပါအဝင် ပြည်နယ်ကိုယ်စားလှယ် ငါးယောက်၊ ANP ပါတီက ခုနှစ်ယောက်၊ ရခိုင့်ဦးဆောင်ပါတီက နှစ်ယောက်၊ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက တစ်ယောက်နဲ့ အခြေခံဥပဒေအရ အချိုးကျနေရာရမယ့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်က ငါးယောက် စုစုပေါင်း အယောက် ၂၀ ပဲရှိမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာတော့ ပြည်နယ်လွှတ်တော် နေရာအတွက် ANP ပါတီက ၂၃ နေရာ ရရှိပြီး NLD ပါတီက ၈ နေရာသာ ရရှိခဲ့ပေမယ့် ပြည်နယ်ဝန်ကြီးချုပ်နေရာကို NLD ကပဲ တာဝန်ယူခဲ့တာဖြစ်ပါတယ်။ အဲဒီအချိန်က လွှတ်တော်ဥက္ကဋ္ဌ နေရာအတွက်ကိုတော့ NLD က အဆိုတင်သွင်းခဲ့တာမရှိတဲ့အတွက် လွှတ်တော် ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ နေရာတွေကိုတော့ ANP ပါတီက ရရှိခဲ့ပါတယ်။

ပြည်နယ်ဝန်ကြီးချုပ် တာဝန်မရတဲ့အတွက် ပြည်နယ်အစိုးရအဖွဲ့မှာ မပါဝင်ဖို့ ANP က ဆုံးဖြတ်ခဲ့ပေမယ့် လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီး နေရာအတွက် အဲဒီအချိန်က ANP ပါတီ ကိုယ်စားလှယ် ဦးကျော်လွင်ကို ကမ်းလှမ်းခဲ့ရာမှာ တစ်ဦးတစ်ယောက်တည်းသဘောနဲ့ လက်ခံခဲ့တာကြောင့် ပါတီကနေ ဦးကျော်လွင်ကို ထုတ်ခဲ့တာမျိုးလည်း ကြုံခဲ့ပါတယ်။

အခု လာမယ့် အစိုးရသစ်ဖွဲ့တဲ့အခါမှာတော့ NLD ပါတီက ပြည်နယ်ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ဝင်တွေကို ဘယ်လိုပုံစံနဲ့ ဖွဲ့စည်းသွားမယ်ဆိုတာကိုတော့ မသိရသေးဘူးလို့ ANP ဗဟိုကော်မတီဝင် ဦးဖေသန်းက ဆိုပါတယ်။

NLD ပါတီ ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင်ကတော့ အမျိုးသားညီညွှတ်ရေး အစိုးရကို ဖော်ဆောင်ဖို့ ကြိုးစားနေတာကြောင့် တိုင်းရင်းသားပါတီတွေ လွှမ်းမိုးတဲ့ ပြည်နယ်တွေမှာ ဒေသခံတိုင်းရင်းသားတွေကို တစ်စုံတစ်ရာ ထည့်သွင်းစဉ်းစားတာရှိလာမယ်လို့ ပြောပါတယ်။

NLD ပါတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်က လာမယ့်အစိုးရသစ်မှာ ပြည်သူတွေ သဘောကျတဲ့ ဝန်ကြီးချုပ်တွေ ခန့်အပ်နိုင်ရေး စဉ်းစားချက်ရှိတယ်လို့ ဒီဇင်ဘာ ၁ ရက်နေ့က မန္တလေးအခြေစိုက် သတင်းမီဒီယာတွေကို ဖြေကြားထားပါတယ်။

နိုင်ငံရေး လေ့လာသူ ဦးသန်းစိုးနိုင်က ပြည်နယ်ဝန်ကြီးချုပ်နေရာကို ပြည်နယ်မှာ အများဆုံးအနိုင်ရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဆန္ဒနဲ့ တင်ပြလာတဲ့သူကို သမ္မတက အတည်ပြုပေးသင့်တယ်လို့ တိုက်တွန်းပါတယ်။ ဒီလိုသဘောထားမရှိရင် NLD ပါတီအပေါ် တိုင်းရင်းသားတွေရဲ့ယုံကြည်မှု ဆက်ပြီးထိခိုက်နိုင်တယ်လို့ သုံးသပ်ပါတယ်။

၂၀၁၅ ရွေးကောက်ပွဲနောက်ပိုင်း အစိုးရအသီးသီးဖွဲ့စည်းတဲ့အခါ ပြည်နယ်ဝန်ကြီးချုပ်နေရာအတွက် တိုင်းရင်းသားတွေနဲ့ အာဏာရ NLD ပါတီအကြား သဘောထားကွဲလွဲခဲ့ရာကနေ ဆက်ဆံရေး မကျေလည်တဲ့အခြေအနေ ဖြစ်ခဲ့တာပါ။

၈၈ မျိုးဆက် ကျောင်းသားတွေနဲ့ ဖွဲ့စည်းတည်ထောင်ထားတဲ့ ပြည်သူ့ပါတီ အတွင်းရေးမှူးး ဦးရဲနိုင်အောင်ကလည်း NLD အနေနဲ့ ရခိုင်နိုင်ငံရေးအင်အားစုတွေကို အသိအမှတ်ပြုဖို့ လိုအပ်တယ်လို့ တိုက်တွန်းပါတယ်။

ရွေးကောက်ပွဲကျင်းပပြီး ၄ ရက်အကြာမှာ အနိုင်ရ NLD ပါတီက တိုင်းရင်းသား လူမျိုးစုတွေရဲ့ ဆန္ဒသဘောထားတွေကို အလေးထားဆောင်ရွက်သွားမှာဖြစ်ပြီး ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကို တိုင်းရင်းသားနိုင်ငံရေး ပါတီတွေနဲ့ လက်တွဲလိုကြောင်း တိုင်းရင်းသား နိုင်ငံရေးပါတီ ၄၈ ခုကို နာမည်နဲ့တကွ ဖော်ပြထားတဲ့ ကြေညာချက်ကို ထုတ်ခဲ့ပါတယ်။

ရွေးကောက်ပွဲရလဒ်တွေအရ ပြည်ထောင်စုလွှတ်တော်မှာ တိုင်းရင်းသားပါတီ ၉ ပါတီ ပါဝင်နေတာ တွေ့ရပြီး ပြည်နယ်နဲ့ တိုင်းဒေသကြီးအသီးသီးမှာ တိုင်းရင်းသားပါတီ ၁၂ ပါတီက နေရာရရှိထားပါတယ်။

NLD ရဲ့ ကြေညာချက်အရ ရခိုင်ပြည်နယ် အပါအဝင် တိုင်းရင်းသားဒေသတွေမှာ အနိုင်ရ တိုင်းရင်းသားပါတီ အင်အားစုတွေ ပြည်နယ်အစိုးရအဖွဲ့မှာ ဦးဆောင်ပါဝင်လာမလားဆိုတာကတော့ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့