ရခိုင်မှာ စပါးရိတ်သိမ်းချိန် တိုက်ပွဲဖြစ်လာမှာကို ဒေသခံတွေစိုးရိမ်နေ
2023.11.04
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်းက ဗျူဟာအဆင့်ရှိတဲ့ ကြိမ်ချောင်း တပ်ရင်းဘက်ကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်နေ့က စစ်ကောင်စီတပ် အင်အားသုံးရာခန့် တက်သွားတာကြောင့် တိုက်ပွဲတွေဖြစ်လာမှာကို စိုးရိမ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းက ပြည်သူတွေဟာ မိုခါမုန်တိုင်းဒဏ်ကြောင့် အခက်အခဲနဲ့ ရင်ဆိုင်ခဲ့ကြရပြီးနောက် အခုအချိန်ဟာ စပါးရိတ်သိမ်းချိန်ရောက်နေပြီမို့ တိုက်ပွဲတွေ ဖြစ်လာမှာကိုပါ စိုးရိမ်နေကြရတာလို့ ဆိုပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ရက္ခိုင့်တပ်တော် (AA) အပါအဝင် ညီနောင်မဟာမိတ်သုံးဖွဲ့နဲ့ စစ်ကောင်စီတပ် တိုက်ပွဲပြင်းထန်နေသလို ရခိုင်မြောက်ပိုင်းမှာလည်း စစ်ကောင်စီတပ်က အင်အားတိုးချတာတွေရှိနေတာလို့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။
"လေ့လာကြည့်ရသလောက် သံတွဲ၊ တောင်ကုတ်၊ ကျောက်ဖြူဘက်မှာရှိတဲ့ တပ်စခန်းတွေက ထုတ်နုတ်လာတာလို့ သိရတယ်။ အင်အား သုံးရာလောက်က မောင်တောနယ် ကြိမ်ချောင်းဘက်ကို တက်သွားတယ်လို့ မြင်လိုက်ရတဲ့သူတွေက ပြောလို့သိတာ"
လယ်ယာလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းပြုနေကြတဲ့ တောင်သူတွေဟာ တိုက်ပွဲဖြစ်လာရင် ရင့်မှည့်စပြုနေပြီဖြစ်တဲ့ စပါးခင်းတွေကို မရိတ်သိမ်းလိုက်နိုင်မှာ စိုးရိမ်နေကြတာလို့ ဆိုပါတယ်။
ရသေ့တောင်မြို့နယ်မှာနေထိုင်တဲ့ တောင်သူတစ်ဦးကတော့ တိုက်ပွဲဖြစ်လာမှာထက် ဝမ်းရေးအတွက် စိုက်ပျိုးထားတဲ့ စပါးခင်းတွေကို မရိတ်သိမ်းလိုက်နိုင်မှာ စိုးရိမ်တာလို့ RFA ကို ပြောပါတယ်။
"ကျွန်တော်တို့က မိုခါမုန်တိုင်းတုန်းကလည်း စိုက်ပျိုးထားတဲ့ စပါးခင်းသီးနှံခင်းတွေ ပျက်စီးဆုံးရှုံးခဲ့ရတယ်။ အခုလည်း တိုက်ပွဲဖြစ်လာရင် စပါးတွေ မရိတ်သိမ်း လိုက်ရမှာကို စိုးရိမ်တာပါ။ တိုက်ပွဲဖြစ်မှာကို ကြောက်တာမဟုတ်ပါ"
စစ်ရေး၊ နိုင်ငံရေးအပြင် သဘာဝဘေးဒဏ်ကိုပါ ကြုံတွေ့ခံစားခဲ့ကြရတဲ့ တောင်သူတွေဟာ မိသားစုဝမ်းရေးအတွက် အခက်အခဲကြားထဲကနေ တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားကြတာလို့ ဆိုပါတယ်။
လက်ရှိ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲပြင်းထန်နေချိန် ရခိုင်မြောက်ပိုင်းမှာလည်း စစ်ကောင်စီတပ်က ရိက္ခာ၊ လူနဲ့ လက်နက်အင်အားတွေ တိုးချလာတာရှိနေတယ်လို့ စောင့်ကြည့်လေ့လာနေသူတွေ ပြောပါတယ်။
ဒီအပေါ် RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်လည်း သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
ရခိုင်မြောက်ပိုင်းမှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့အကြား ၂၀၂၂ ခုနှစ် ဩဂုတ်လအတွင်းက တစ်ကျော့ပြန်တိုက်ပွဲ အပြင်းအထန်ဖြစ်ခဲ့ပြီး အဲဒီတိုက်ပွဲအတွင်း AA က မောင်တောမြို့နယ်မြောက်ပိုင်း နယ်စပ်တစ်လျှောက်မှာရှိတဲ့ စစ်ကောင်စီ လက်အောက်ခံ နယ်ခြားစောင့်ရဲစခန်းတွေကို သိမ်းယူခဲ့ပါတယ်။
အဲဒီတစ်ကျော့ပြန်တိုက်ပွဲအတွင်း ကုန်းလမ်း၊ ရေလမ်းတွေကို နှစ်ဖက်တပ်တွေက ပိတ်ဆို့ခဲ့တာကြောင့် ဒေသခံတွေ ရိက္ခာပြတ်တောက်မှုတွေနဲ့ ကြုံတွေ့ခဲ့ရတာပါ။
၂၀၂၂ ခုနှစ် ဩဂုတ်လအတွင်းစတင်ခဲ့တဲ့ အဲဒီတစ်ကျော့ပြန်တိုက်ပွဲဟာ လေးလအကြာ နိုဝင်ဘာ ၂၆ ရက်မှာတော့ ဘာသဘောတူညီချက်မှမပါဘဲ လူသားချင်းစာနာမှုဆိုင်ရာ နှစ်ဖက်နားလည်မှုနဲ့ အပစ်အခတ်ရပ်စဲခဲ့ကြတာပါ။