တိုက်ပွဲနယ်မြေဖြစ်တဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ အစိုးရက အင်တာနက် ဖြတ်တောက်ပြီး လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အားပေးနေတယ်လို့ ရခိုင်ကျောင်းသားနဲ့ လူငယ်တွေက စစ်တွေမြို့က ဒီနေ့ ဆန္ဒပြပွဲမှာ ပြောလိုက်ပါတယ်။
အစိုးရက သတင်းအမှောင်ချပြီး လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အားပေးနေတယ်လို့ ရခိုင်လူငယ်မျိုးဆက် သစ်ကွန်ရက်က ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုသန်းလှ က ဝေဖန်လိုက်ပါတယ်။
ပြီးခဲ့တဲ့နှစ် ဇွန်လက ချင်းပြည်နယ် ပလက်ဝမြို့နယ်နဲ့ ရခိုင်မြောက်ပိုင်းက မြို့နယ် ရှစ်ခုမှာ အစိုးရက အင်တာနက်လိုင်းတွေ ဖြတ်တောက်ခဲ့တာပါ။
အဲဒီအထဲက မြို့နယ် ငါးခုကို လအနည်းငယ်ကြာ ပြန်ဖွင့်ခဲ့ပေမယ့် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၃ ရက်နေ့က ပြန်ဖွင့်တဲ့မြို့နယ်တွေပါ ထပ်အပိတ်ခံလိုက်ရပါတယ်။
ဆန္ဒပြပွဲမှာပါဝင်တဲ့ ရခိုင်ပြည်ကျောင်းသားသမဂ္ဂရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုကျော်နိုင်ဌေးက အင်တာနက် ဆက်ပိတ်တာဟာ အစိုးရအပေါ် မကျေနပ်တာတွေ ဖြစ်လာစေတယ်လို့ ထောက်ပြပါတယ်။
စစ်တွေမြို့ ဆန္ဒပြ ကျောင်းသူ ကျောင်းသားတွေနဲ့ လူငယ်တွေဟာ ဝင်္ကဘာကွင်းကနေ ဦးဥတ္တမပန်းခြံအထိ ချီတက်ဆန္ဒပြခဲ့ကြတာပါ။
ကမ္ဘာ့အရှည်ကြာဆုံး အင်တာနက်ဖြတ်တောက်မှု ချက်ချင်းရပ်၊ ငြိမ်းချမ်းရေးနဲ့ တရားမျှတမှုရရှိရေး၊ ပြည်တွင်း ပြည်ပ သတင်းမီဒီယာတွေ လွတ်လပ်စွာ သတင်းရယူနိုင်ရေး၊ အသက်အန္တရာယ်လုံခြုံစွာ ပညာသင်ကြားနိုင်ရေး စတဲ့အချက်တွေကိုလည်း ကြွေးကြော်ခဲ့ကြပါတယ်။
စစ်ရေးပဋိပက္ခတွေပြင်းထန်နေတဲ့ ဒေသမှာ အင်တာနက်ဖြတ်တောက်တာထက် ပိုကောင်းတဲ့ ဖြေရှင်းမှုမျိုးနဲ့သာ ကြိုးစားသင့်တယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရဲ့ပြန်ကြားရေးတာဝန်ခံ ဒေါက်တာမျိုးညွန့်က အင်တာနက်ဖြတ် တောက်တာဟာ လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်ပေမယ့်လည်း တပ်မတော်ဘက်က တင်ပြလာလို့ အစိုးရက ဆောင်ရွက်ပေးထားတာလို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၉ နှစ်ဆန်းပိုင်းကနေ စတင်ပြင်းထန်လာခဲ့တဲ့ ရခိုင်စစ်ရေး ပဋိပက္ခကာလအတွင်း ဒီနေ့အထိ အရပ်သားသေဆုံးမှု ၁၀၀ ကျော်နဲ့ ထိခိုက်ဒဏ်ရာရမှုက လူ ၃၀၀ ကျော် အထိရှိတယ်လို့ ဒေသခံအရပ်ဘက် အဖွဲ့တွေက ခန့်မှန်းထားကြပါတယ်။
အရပ်သားတွေသေကြေဒဏ်ရာရတာ၊ လူ့အခွင့်အရေးချိုးဖောက်ခံရတာတွေကို မြန်မာ့တပ်မတော်က ကျူးလွန်ခဲ့တာလို့ ဒေသခံတွေကစွပ်စွဲထားကြပေမယ့် တပ်မတော်ကတော့ ဒီစွပ်စွဲချက်တွေကို ငြင်းဆိုထားကြပါတယ်။
အင်တာနက်ဖြတ်တောက်ခံထားရတဲ့ ဒေသတွေမှာ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေကို ခိုင်မာတဲ့သက်သေ အထောက်အထားတွေနဲ့ အပြင်ကို ထုတ်ဖော်ခွင့်မရကြပါဘူး။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၉ ရက်နေ့က ရသေ့တောင်မြို့နယ် ရက်ခုန်းတိုင်လို့ခေါ်တဲ့ သမီးလှရွာဟောင်းက နေအိမ် ၁၀ ကျော် မီးရှို့ခံခဲ့ရပြီး ဒါကို AA အဖွဲ့ကလုပ်တာလို့ တပ်မတော်ကထုတ်ပြန်ခဲ့ပါတယ်။
မီးရှို့ခံရချိန်မှာ တပ်မတော်သားတွေရှိနေတာကို မြင်ရပေမယ့်လည်း အင်တာနက်မရှိလို့ အမှန်ကိုတင်ပြခွင့် မရဘူးခဲ့လို့ပြောလာသူက မျက်မြင်တစ်ဦးဖြစ်တဲ့ ကိုကျော်ကျော်ပါ။
အင်တာနက်ဖြတ်တောက်ထားတာကြောင့် ဒေသခံတွေအတွက် ဆုံးရှုံးမှုတွေရှိပေမယ့် နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးကတော့ ကောင်းကျိုးတွေရခဲ့တယ်လို့ မနေ့က နေပြည်တော် သမ္မအိမ်တော် သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။
နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးရဲ့ပြောဆိုချက်ကို ဒေသခံတွေရော၊ လူ့အခွင့်အရေးအဖွဲ့တွေကပါ လက်မခံပါဘူး။
အင်တာနက်ဖြတ်တောက်မှု နောက်ကွယ်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကိုသာ မြင်တွေ့ နေရတယ်လို့ ပြောလာသူက စစ်တွေမြို့အခြေစိုက် ရခိုင်လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့က ဒါရိုက်တာ ဦးမြတ်ထွန်းပါ။
အင်တာနက်တွေပြန်ဖွင့်ပေးဖို့ မနေ့က နေပြည်တော်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးကို သတင်းထောက်တွေက မေးမြန်းခဲ့ပေမယ့် ပြန်ဖွင့်ပေမယ့်အချိန်ကို တိတိကျကျ ပြောဆိုခဲ့ခြင်းမရှိပါဘူး။
အင်တာနက်ဖြတ်တောက်မှုကို ရပ်တန့်ဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းဘက်ကပါ တိုက်တွန်းပြောဆိုနေကြပေမယ့် အစိုးရကတော့ ပြန်ဖွင့်ပေးမယ့် အခြေအနေ မတွေ့ရပါဘူး။