ရခိုင်စစ်ဘေးဒုက္ခသည်စခန်းတွေ သောက်သုံးရေရှားပါးမှု စိုးရိမ်စရာဖြစ်လာ

RFA Burmese
2024.03.29
ရခိုင်စစ်ဘေးဒုက္ခသည်စခန်းတွေ သောက်သုံးရေရှားပါးမှု စိုးရိမ်စရာဖြစ်လာ ရသေ့တောင်မြို့၊ ပြည်တော်သာကန်နှင့် မိုးရေဝင်ထားသည့်ကန်အချို့တွင် ညနေပိုင်း ရေခပ်ဆင်းနေကြသည်ကို ၂၀၂၃ ခုနှစ်၊ မေလ ၂၅ ရက်က တွေ့ရစဉ်။
Photo: RFA

ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးရတဲ့ စစ်ဘေးဒုက္ခသည်တွေဟာ ထောက်ပံ့မှာတွေ လျော့နည်းလာပြီး သောက်သုံးရေးရှားပါးမှုဟာ စိုးရိမ်စရာဖြစ်လာတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) က မတ်လ ၂၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ယာယီစစ်ဘေးဒုက္ခသည်စခန်းမှာ နေထိုင်ကြသူတွေဟာ အခြေခံလိုအပ်ချက်တွေ ထောက်ပံ့ပေးဖို့ လိုအပ်နေပြီး လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေလည်း ဆက်ပြီးရှိနေတယ်လို့ ဆိုပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မင်းပြားမြိုနယ်ထဲက စစ်ဘေးဒုက္ခသည်အမျိုးသမီးတစ်ဦးကတော့ နေရပ်စွန့်ခွာထွက်ပြေးလာရတာ သုံးလနီးပါးကြလာပြီးနောက် စားနပ်ရိက္ခာနဲ့ သောက်သုံးရေ အခက်အခဲဖြစ်နေတယ်လို့ RFA ကို ပြောပါတယ်။

“ဒီဘက်မှာက ကူညီပေးတဲ့အဖွဲ့တွေကလည်း မရှိပါဘူး၊ စားနပ်ရိက္ခာနဲ့ သောက်သုံးရေ အခက်အခဲဖြစ်တာပေါ့နော်။ စားနပ်ရိက္ခာဆိုလည်း ကျွန်မတို့ စစ်ရှောင်နေရတဲ့ ရွာကထွက်တဲ့ စပါးတွေကိုပဲ စားကြရတယ်။ လူများတော့ မလုံလောက်ဘူး။ သောက်သုံးရေကလည်း ရွာမှာ ရေကန်တစ်ကန်ပဲရှိတယ်။ အဲဒီကန်ကလည်း ရေခမ်းခြောက်လာပြီ”

ပေါက်တောမြို့နယ်ထဲက ဒေသခံတစ်ဦးကလည်း နေရပ်စွန့်ခွာထွက်ပြေးရတာ အချိန်ကြာလာတာနဲ့အမျှ စစ်ဘေးဒုက္ခသည်တွေရဲ့ နေရေးစားရေး အပါအဝင် ကျန်းမာရေးအတွက်လည်း စိုးရိမ်မှုတွေရှိလာတယ်လို့ RFA ကို ပြောပါတယ်။

ရခိုင်ပြည်နယ်ထဲမှာ ပေါက်တော၊ မင်းပြား၊ မြေပုံ၊ ဘူးသီးတောင်၊ မောင်တော စတဲ့ မြို့နယ်တွေ အပါအဝင် မြို့နယ် ဆယ်ခုထက်မနည်းမှာ ရက္ခိုင့်တပ်တော် AA နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲတွေဖြစ်နေပါတယ်။

တစ်ကျော့ပြန်တိုက်ပွဲ လေးလကျော်အတွင်းမှာ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ ရမ်းဗြဲနဲ့ ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့တွေကို AA က သိမ်းယူထားပါတယ်။

ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူ သုံးသိန်းကျော်ရှိတယ်လို့ UN OCHA ရဲ့ မတ်လ ၁၄ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။