အပစ်ရပ်နေပေမယ့် နေရပ်ပြန်ဖို့ခက်နေတဲ့ ရခိုင်စစ်ဘေးဒုက္ခသည်များ

ရဲစည်သူကာ (ဝါရှင်တန် ဒီစီ)
2021-08-26
Share

ရခိုင်ပြည်နယ်အတွင်းမှာ တိုက်ပွဲတွေရပ်စဲနေတာ အချိန်ကိုးလကျော်ရှိနေပမယ့် စစ်ဘေးဒုက္ခသည် တစ်သိန်း ကျော်ကတော့ နေရပ်မပြန်နိုင်သေးကြပါဘူး။ သူတို့တွေဟာ အခုလက်ရှိ ကိုဗစ်ကပ်ဘေးတွေကြောင့်လည်း စားဝတ်နေရေး အခက်အခဲနဲ့ ရင်ဆိုင်နေကြရပါတယ်။

စစ်တွေမြို့ပေါ်က ငါးစင်ရိုင်းချောင်း စစ်ဘေးဒုက္ခသည်စခန်းမှာ ခိုလှုံနေတဲ့ စစ်ဘေးဒုက္ခသည် ဒေါ်မစောယဉ် ဟာ သူရဲ့ မိသားစု စားရေး၊ သောက်ရေးအတွက် စခန်းအနီးအနားမှာရှိတဲ့ စားပင်သောက်ပင်တွေကို လိုက်လံ ခူးယူနေတာပါ။

အခုလို စခန်းအနီးအနားတွေမှာရှိတဲ့ ပိန်းပင်၊ ပိန်းဖူး၊ ပိန်းစွယ် စတာတွေနဲ့ပဲ နေ့တဓူ၀ စားသောက်နေထိုင် နေရတာ နှစ်လလောက်ရှိနေပါပြီ။

ကိုရိုနာကပ်ဘေးတွေကြောင့် အလုပ်အကိုင်တွေလည်း မရှိသလို အလှူရှင်တွေ လာရောက်လှူဒါန်းတာ နည်းပါးသွားတာကြောင့် ဒေါ်မစောယဉ်အတွက် အခက်အခဲမျိုးစုံ ရင်နေဆိုင်နေရပြီး ကျန်းမာရေးကိစ္စတွေ အတွက်တောင် ဆေးတွေမဝယ်နိုင်ဘူးဖြစ်နေတာပါ။

“စားရတာတွေကလည်း အခက်အခဲဖြစ်တယ်။ ပိုက်ဆံလည်း အခက်အခဲဖြစ်တယ်။ နေရထိုင်ရတာက လည်း အခက်အခဲ အားလုံးအခက်အခဲပါပဲ။ ပြီးခဲ့တဲ့ လတွေတုန်းကတော့ နည်းနည်းပါးပါး ခံသာသေး တယ်။ ကျွန်မ အမျိုးသား အပြင်မှာအလုပ်လုပ်ပြီး တခါတလေ ဈေးတွေဘာတွေ ပြုစားရသေးတယ်။ အခုက ကိုဗစ်တွေနဲ့ဆိုတော့ အပြင်အထွက်ရ၊ မသွားရ အလုပ်တွေကလည်း ပိတ်ထားလို့ အလုပ်မရှိဘူး။ ကလေးတွေလည်း မုန့်မစားရဘူး။ ကျန်းမာရေးကိစ္စတွေဆိုရင်လည်း ဆေးတွေတောင် မဝယ်နိုင်ဘူး”

ကိုဗစ်တတိယလှိုင်း မဖြစ်ခင်တုန်းကဆိုရင် ဒေါ်မစောယဉ်ရဲ့ အမျိုးသားဖြစ်သူ ဦးဦးသိန်းလွင်ဟာ စစ်တွေ မြို့မှာ ပန်းရံအလုပ်အတွေ၊ ကျောက်ထမ်း၊ သဲထမ်းစတဲ့ နေ့စားအလုပ်တွေလုပ်ကိုင်ရင်း မိသားစု စားဝတ် နေရေးအတွက် ဖြေရှင်းခဲ့ပါတယ်။

ဒါပေမဲ့ အခုတော့ အဲဒီလို နေ့စားအလုပ်တွေ မလုပ်ရတာလည်း နှစ်လလောက်ကြာလာပြီဖြစ်လို့ မိသားစု ရပ်တည်ရေးအတွက် ပိုပြီးအခက်တွေ့စေခဲ့တာပါ။

အခုလို စစ်ဘေးဒုက္ခသည်စခန်းမှာ အခက်အခဲတွေနဲ့ပဲ ရင်ဆိုင်နေနေရတာကြောင့် သူ့ရဲ့သမီးတွေရဲ့ ပညာရေးနဲ့ မိသားစုရှေ့ရေးအတွက် တွေးပူနေမိတယ်လို့လည်း ဆိုပါတယ်။

ဒေါ်မစောယဉ်ရဲ့ မိသားစုဟာ ချင်းပြည်နယ် ပလက်ဝမြို့နယ် နှမဒါကျေးရွာမှာ တောင်ယာအလုပ်တွေနဲ့ ဈေးရောင်းတဲ့အလုပ်တွေကို လုပ်ကိုင်ရင်း ရိုးရိုးသားသား လုပ်ကိုင်စားသောက်နေခဲ့တာဖြစ်ပါတယ်။

"ဒုက္ခသည်ဘဝနဲ့ မနေချင်ဘူး။ အခု အိမ်ကိုပြန်ရမယ်ဆိုရင်တောင် လမ်းစရိတ်မရှိဘူး"

ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်အတွင်း ရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲတွေဖြစ်ပွားတာ၊ လက်နက်ကြီး ကျည်တွေကျတာ၊ ရွာအနီးကတောင်တန်းမှာ စစ်ကောင်စီတပ် ချထားတာတွေကြောင့် ရွာမှာ မနေရဲတော့ဘဲ အရွယ်မရောက်သေးတဲ့ သမီးလေး နှစ်ယောက်နဲ့အတူ ထွက်ပြေးလာခဲ့တာပါ။

အခုလို အိုးအိမ်တွေကိုစွန့်ခွာပြီး ဒုက္ခသည်စခန်းမှာပဲ အခက်အခက်တွေနဲ့ နေထိုင်နေရတာ တစ်နှစ်ကျော် သွားပြီဖြစ်တာကြောင့် မိမိနေရပ်ကို အမြန်ဆုံးပြန်ချင်မိတယ်လို့ ဒေါ်မစောယဉ်က ပြောပါတယ်။

“အိမ်ကိုတော့ ဒီနေ့ ပြန်လို့ရင် ဒီနေ့ ပြန်ချင်တာပါပဲ။ အခုလို ဒုက္ခသည်ဘဝနဲ့ မနေချင်ဘူး။ အခုလိုမျိုး လည်း မနေဖူးဘူး။ အိမ်မှာဆိုရင် ကိုယ့်မှာ စိုက်ခင်းတွေရှိလည်း၊ လုပ်စားမယ့် စီးပွားရေးရှိတယ်။ လုပ်စားကိုင်စားလို့ ရတယ်။ အခုဆိုရင် တစ်ခုမှမရှိဘူး။ ရွာကပြေးလာခဲ့တဲ့အခါမှာလည်း ခါးဝတ် တထည်နဲ့ ပြေးလာခဲ့တာ။ အကုန်လုံး အဲဒီမှာကျန်ခဲ့တယ်။ အခု အိမ်ကိုပြန်ရမယ်ဆိုရင်တောင် လမ်းစရိတ်တောင် မရှိဘူး”

အခုလက်ရှိ သူတို့မှာပိုင်ဆိုင်တဲ့ အရာအားလုံးလည်း ပျက်စီးဆုံးရှုံးသွားခဲ့ပြီဖြစ်သလို ကျေးရွာအနီးမှာ စစ်ကောင်စီတပ်က တပ်စွဲထားတွေ၊ မိုင်းအန္တရာယ်တွေကြောင့် နေရပ်ပြန်ဖို့ကတော့ ဘယ်လိုမှ မဖြစ်နိုင်သေးဘူးလို့လည်း ဆိုပါတယ်။

ဒေါ်မစောယဉ်တို့ မိသားစုခိုလှုံနေတဲ့ အဲဒီငါးစင်ရိုင်းချောင်း ဒုက္ခသည်စခန်းမှာ ချင်းပြည်နယ် ပလက်ဝမြို့နယ် နှမဒါကျေးရွာနဲ့ ကြက်ယက်ကိုင်းကျေးရွာက စစ်ဘေးဒုက္ခသည် အိမ်ထောင်စု လေးဆယ်ကျော်၊ လူဦးရေ နှစ်ရာကျော်ဟာ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် သြဂုတ်လကတည်းက လာရောက်ခိုလုံနေတာပါ။

အခုလက်ရှိ အစိုးရနေထောက်ပံ့တဲ့ တစ်နေ့ကို လူတစ်ယောက် ဆန်နို့ဆီဗူးနှစ်ဗူးသာရရှိပြီး အခြားအထောက် အပံ့တွေ မရှိတဲ့အတွက် ဒုက္ခသည်တွေဟာ တော်တော်လေးကို အခက်အခဲဖြစ်နေကြတယ်လို့ စခန်းတာဝန်ခံ ဦးပညာစက္ကက ပြောပါတယ်။

“ပုံမှန်ကတော့ အစိုးရက ဆန်ပေးတယ်။ ဆန်တစ်ခုတည်း ပေးတာပါ။ ဒါပေမဲ့ ဆန်ကလည်း လုံလောက်မှု မရှိဘူး။ အရင်တုန်းကဆိုရင် WFP က ထောက်ပံ့တာတွေရတယ်။ အခုတော့ မရောက်တော့ဘူး။ အခုလ တော့ တစ်ယောက်ကတစ်ယောက် ချေးပြီးစားနေရတယ်။ နေ့စားအလုပ်ရရင် ပြန်ဆပ်တယ်။ အဲဒီလို နေကြရတယ်။ အခု ကပ်ဘေးကြောင့် အလုပ်လည်း မလုပ်ရဘူးဆိုတော့ ဘယ်လောက်တင်းခံနိုင်တော့ မှာလဲ။ ရေရှည်မှာ ဘယ်လိုမှ အဆင်မပြေနိုင်ဘူး။ တော်တော်လေးကို ဒုက္ခရောက်ကြမယ်”

အခုလို ဒီဒုက္ခသည်စခန်းထဲမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရပေမယ့် နေရပ်ဖို့ကလည်း မဖြစ်သေးနိုင် တာကြောင့် အဆင်မပြေရင်လည်း လတ်တလော ဖြစ်သလိုရပ်တည်သွားရတော့မယ်လို့ ဒေါ်မစောယဉ်ရဲ့ ခင်ပွန်း ဦးဦးသန်းလွင်က ပြောပါတယ်။

“ရွာမှာနေတဲ့အခါတွေ ဈေးတွေရောင်းတယ်။ တောင်ယာ လုပ်တယ်။ နှမ်းခင်း စိုက်တယ်။ အဲဒီမှာနေ တုန်းကတော့ အဆင်ပြေပါတယ်။ ထမင်းဝမ်းစာလည်း တစ်နှစ်စာ လှောင်လို့ရှိတယ်။ အခုက အဲဒါတွေ မရှိတော့ပါဘူး။ ဒါကြောင့် ဒုက္ခသည်စခန်းမှာပဲ ဖြစ်သလို ရပ်တည်ရတော့မှာပေါ့။ အဆင်မပြေရင်လည်း အဆင်ပြေသလို ရပ်တည်ရတော့မယ်လေ”

အခုလို စစ်ဘေးဒုက္ခသည်တွေ ဒုက္ခသည်စခန်းမှာ စားဝတ်နေရေး အခက်အခဲဖြစ်နေကြတာ၊ နေရပ်ကို အမြန်ဆုံး ပြန်ချင်နေကြတာနဲ့ပတ်သက်လို့ ဘယ်လိုစီမံဆောင်ရွက်ထားလဲ ဆိုတာနဲ့ပတ်သက်လို့ ရခိုင်ပြည်နယ် စစ်ကောင်စီကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

sittwe-refugees.jpg
( စစ်တွေမြို့က ဥဿလင်းကျောင်း စစ်ဘေးဒုက္ခသည်စခန်းမှာ နေထိုင်သူတွေကို ဇွန် ၁၂ ရက်နေ့က တွေ့ရစဉ်)

ပြီးခဲ့တဲ့ ဇူလိုင်လကတော့ စစ်ကောင်စီအနေနဲ့ ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေးဆောင်ရွက်နေပြီး တချို့နေရာ တွေကတော့ လုံခြုံရေးအရ ပြန်လို့မဖြစ်နိုင်သေးတဲ့ နေရာတွေရှိနေသေးတယ်လို့ ပြည်နယ်စစ်ကောင်စီကနေ ဖြေကြားခဲ့ပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ကြား တိုက်ပွဲတွေရပ်စဲနေတာ အချိန် ကိုးလကျော်ရှိနေပေမယ့် ဒေါ်မစောယဉ်တို့မိသားစုလိုပဲ နေရပ်မပြန်နိုင်သေးကြတဲ့ စစ်ဘေးဒုက္ခသည်တွေ အများအပြားရှိနေပါတယ်။

ရခိုင်တိုင်းရင်းသား မျိုးနွယ်များအစည်းအရုံး (REC) ရဲ့ စာရင်းတွေအရဆိုရင် ဒုက္ခသည်စခန်း အသီးသီးမှာ ခိုလှုံနေတဲ့ စစ်ဘေးဒုက္ခသည် ခြောက်သောင်းကျော်နဲ့ စခန်းပြင်ပ နီးစပ်ရာ အသီးသီးမှာ ခိုလှုံနေကြသူ လေးသောင်းကျော်၊ စုစုပေါင်း စစ်ဘေးဒုက္ခသည် တစ်သိန်းကျော်ရှိနေသေးတယ်လို့ သိရပါတယ်။

သူတို့တွေဟာ မွေးရပ်မြေမဟုတ်တဲ့ ဒုက္ခသည်စခန်းမှာပဲ အခက်အခဲအကျပ်အတည်းတွေနဲ့ နေထိုင်နေရတာ အချိန်နှစ်ရှည်လများရှိနေပြီဖြစ်တာကြောင့် နေရပ်ကို အမြန်ဆုံးပြန်ချင်နေကြပါပြီ။

ဒါပေမဲ့ ရွာအနီးမှာ စစ်ကောင်စီတပ်စခန်းချထားတာတွေ၊ နေအိမ်တွေ မီးလောင်ပျက်စီးသွားတာတွေ၊ မိုင်းအန္တရာယ်တွေ စတာတွေနဲ့ အဆုံးမသတ်နိုင်သေးတဲ့ စစ်ရေးပဋိပက္ခတွေကြောင့် အဲဒီစစ်ဘေးဒုက္ခ သည်တွေရဲ့ အိမ်ပြန်ခရီးကတော့ ဝေးကွာနေဆဲဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့